ကြေးနီစီမံကိန်း ပြဿနာ ဖြေရှင်းပေးရန် သမဂ္ဂအဖွဲ့များ သမ္မတထံ တောင်းဆို

စစ်ကိုင်းတိုင်း ဒေသကြီး၊ဆားလင်းကြီး မြို့နယ် က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အတွင်းက အလုပ်သမား၊ လယ်သမား သမဂ္ဂ ၁၅ ဖွဲ့က လက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ ဒီနေ့ တင်ပြတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

2012.10.02

ဒီလိုတင်ပြ တောင်းဆိုဖို့ ဆောင်ရွက်ခဲ့တဲ့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ် ဆောင်ရွက်သူများအဖွဲ့က ဦးကိုကြီးက RFA ကို အခုလို ပြောပါတယ်။

“တရုတ်ဝမ်ပေါင်ဆိုတဲ့ ကုမ္ပဏီ ရယ်၊ ဦးပိုင် ကုမ္ပဏီ ရယ်၊ ဆောင်ရွက်လုပ်ကိုင်ထားတဲ့ လက်ပံတောင်းတောင်ကြီး ဟာ အခြေခံ အလုပ်သမား အခြေ ခံ လယ်သမားတွေ အတွက် ရလဒ်ကောင်းတွေ ဖြစ်ပေါ်မလာနိုင်ဘူး ဆိုတာကို မြင်တဲ့အတွက် လယ်ယာ အလုပ်သမားများအဖွဲ့ စက်ရုံ အလုပ်သမားများ အဖွဲ့ နဲ့ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ သမ္မတဆီ ဝိုင်းဝန်းပြီးတော့ စာတင်မယ်။ သမ္မတကြီးကို မေတ္တာ ရပ်ခံမယ်လို့ ဆုံးဖြတ်ပြီး အဲဒီ ကိစ္စကို အစီအစဉ် လုပ်ခဲ့ပါတယ်။”

အခုလို လက်မှတ်ရေးထိုးပြီး တင်ပြ တောင်းဆိုတဲ့ သမဂ္ဂ (၁၅) ဖွဲ့ မှာ နေပြည်တော် ဒက္ခိဏ သီရိ မြို့နယ် လယ်ယာ လုပ်သား သမဂ္ဂ (၅) ဖွဲ့၊ မန္တလေး ပြည်ကြီးတံခွန်၊ အမရပူရ၊ မြစ်ငယ် စက်မှုဇုံတွေက အလုပ်သမား သမဂ္ဂ ၁၀ ဖွဲ့တို့ဖြစ်ပြီး ဦးဆောင်တာကတော့ မန္တလေး အခြေစိုက် အထက်မြန်မာပြည် အိုင်အယ်လ်အိုနဲ့ ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက် ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။