မြန်မာစစ်အစိုးရ၏ ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် အမေရိကန် ထောက်ခံ

ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ ရက် မနေ့က ကြေညာလိုက်ပါတယ်။

2010.08.18
killed_victim_305_Z.jpg ရွှေဝါရောင် သံဃာနှင့် လူထု အုံကြွလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသော လူငယ်တဦးကို ၂၀ဝ၇ စက်တင်ဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန်အစိုးရဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို ပံ့ပိုးကူညီမှာ ဖြစ်သလို မြန်မာစစ်အစိုးရအပေါ် ပိုပြီးတင်းကျပ်တဲ့ ပိတ်ဆို့တားဆီးမှုတွေကို ချမှတ်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း အမည်မဖော်လိုတဲ့ အိမ်ဖြူတော်ပြောခွင့်ရ အရာရှိက ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ဗြိတိန်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) ရဲ့ ဒါရိုက်တာ Mark Farmaner က ကြိုဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ မြန်မာအစိုးရအပေါ် စစ်ဆေး အရေးယူမှုတွေအပေါ် အထူးပဲ အကျိုးသက်ရောက်မှု ရှိမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာမှာ အမေရိကန်နိုင်ငံဟာ အင်အားကြီးနိုင်ငံတခု ဖြစ်လို့ပါပဲ။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို ထောက်ခံအားပေးတဲ့ နိုင်ငံအတော်များများရှိပေမဲ့ အခုလို ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြတာတွေဟာလည်း အခု အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်လာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း Mark Farmaner ပြောသွားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံဟာ ၅ နိုင်ငံမြောက် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်အပေါ် ဥရောပသမဂ္ဂ နိုင်ငံတွေက ပါဝင်ပတ်သက်မှု မရှိသေးတဲ့အတွက်လည်း Mark Farmaner က ဝေဖန်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေထဲက တချို့နိုင်ငံတွေဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို လစ်လျူရှုနေတာ တွေ့ရကြောင်း ဥရောပသမဂ္ဂအနေနဲ့ ကုလသမဂ္ဂရဲ့ စီစဉ်ဆောင်ရွက်မှုမှာ ဝိုင်းဝန်းပံ့ပိုးကူညီဖို့ ဆန္ဒထုတ်ဖော်သင့်ပြီ ဖြစ်ကြောင်း သူက ပြောသွားပါတယ်။

အလားတူပဲ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign US) အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင်ကလည်း အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် တခြား ကမ္ဘာ့နိုင်ငံတွေကလည်း အမေရိကန်အစိုးရနဲ့ အတူ ပူးပေါင်းပါဝင်လာဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ယုံကြည်မှု မရှိတဲ့အခြေအနေနဲ့ မြန်မာစစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ အတိအလင်း ထုတ်ဖော်ပြသလိုက်တာ ဖြစ်တယ်လို့လည်း ဦးအောင်ဒင်က ဆိုပါတယ်။

အခုလို အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် လာမဲ့လမှာ ကျင်းပမဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တင်သွင်းတဲ့အခါ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဖြစ်စေ၊ ကုလသမဂ္ဂညီလာခံကဖြစ်စေ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ တောင်းဆိုချက်တွေ ပါဝင်လာဖို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် အမေရိကန်အစိုးရရဲ့ထောက်ခံမှုက အင်မတန်အားရှိပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို သြစတြေးလျ၊ ဗြိတိန် ၊ ချက် သမတနိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေက ထောက်ခံထားပြီး ဖြစ်တဲ့အတွက် အခုလို အမေရိကန်အစိုးရ ပါဝင်လာတဲ့အတွက် တခြား ကမ္ဘာ့နိုင်ငံတွေကလည်း အမေရိကန်အစိုးရနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပိုပြီး ပြင်းထန်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးအောင်ဒင်က ပြောပါတယ်။

CSW လို့ခေါ်တဲ့ ကမ္ဘာ့ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ကလည်း အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို ပံ့ပိုးကူညီကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးက မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ချေမှုန်းနေမှုတွေကို အရေးယူစုံစမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက လူသားချင်းစာနာမှု ကင်းမဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍကို အဓိကထား စစ်ဆေးအရေးယူဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်တန်း ခေါင်းဆောင်တဦးကလည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး လုံခြုံရေးကောင်စီမှာ တရုတ်အစိုးရအနေနဲ့ ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပေမဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင်က တိုက်ရိုက် ဖွဲ့စည်းနိုင်လိမ့်မယ်လို ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်အစိုးရက သံတမန်တွေ စေလွှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်မှု မရှိသေးတာကို တွေ့ရတယ်လို့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးက ဆိုပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့ အကျုံးဝင်နိုင်ကြောင်း ပြောဆိုထားပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံက လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရေး အစီအစဉ်ကြောင့် မြန်မာစစ်အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။