ဆက်ဆံရေး တိုးမြှင့်ဖို့ မြန်မာအစိုးရသစ်ကို အမေရိကန်တိုက်တွန်း

မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခြင်းအားဖြင့် အကျိုးရှိနိုင်ကြောင်း၊ မြန်မာအစိုးရဟာ နောက်ဆုးံမှာတော့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မလွဲမသွေ ပေါင်းသင်း ဆက်ဆံရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်က ပြောဆိုလိုက်ပါတယ်။
2011-04-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ယွန် ဖြစ်ပါသည်။ (Photo: RFA)
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ယွန် ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

မြန်မာ့တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဝါရှင်တန်ဒီစီ မြို့တော်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဧပြီလ ၂၅ ရက် မနေ့က ညနေပိုင်းက အထူးပွဲ ပြသခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်သူ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းမ်ဘဲလ် ကလည်း မြန်မာနိုင်ငံနဲ့ ၁ နှစ်ခွဲခန့် အနီးကပ် ဆက်ဆံ ခဲ့ပေမဲ့ အကျိုးဖြစ်ထွန်းမှု မရှိခဲ့ကြောင်းပြောဆိုကာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ နှိုးဆော်သွားပါတယ်။

မှတ်တမ်းရုပ်ရှင်ထဲက ဦးမျိုးမြင့်ဟာ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲတခုမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ ဆုံးရှုံးခဲ့ပါတယ်။ စစ်တပ်က ထွက်ခဲ့ပြီးနောက် ၈၈ အရေးတော်ပုံမှာ ပါဝင်မှုနဲ့ အကျဉ်ထောင်တွေထဲမှာ ၁၅ နှစ်ခန့် နေခဲ့ရပြီးနောက် နယ်စပ်ကတဆင့် အမေရိကန်ပြည်ထောင်စုကို ခိုလှုံရောက်ရှိနေသူ ဖြစ်ပါတယ်။

Burma Soldier ဇာတ်ကားနဲ့ပတ်သက်ပြီး အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  မစ္စတာ ကတ် ကင်းမ်ဘဲလ်က ခုလို ပြောပါတယ်။

ဒီမှတ်တမ်းတင်ကားဟာ ကျနော်ကြည့်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေထဲမှာ စိတ်အာရုံ အထိခိုက်ဆုံး မှတ်တမ်းတခု ဖြစ်ပါတယ်၊ ကြည့်ရှုသူကိုယ်တိုင် ညှဉ်းပန်းနှိပ်စက် ခံနေရသလိုပါပဲ ၊ ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ နေ့စဉ်ဘဝတွေကို ပင်ပင်ပန်းပန်း ရုန်းကန် နေရတဲ့ လူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အင်အားတွေကို လေးစားစရာ တွေ့မြင်ရပါတယ်လို့ မစ္စတာ ကတ် ကင်းမ်ဘဲလ်က ပြောသွားပါတယ်။

ဧည့်ပရိသတ် ၂၀၀ နီးပါး တက်ရောက်တဲ့ အခမ်းအနားမှာ ဒီမှတ်တမ်းရုပ်ရှင်မှာ ပါဝင်သူ ကာယကံရှင် ဦးမျိုးမြင့်ကလည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နယ်စပ်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို နိုင်ငံတကာက ပိုမိုလက်ခံ ကူညီ ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အခုလို လာရောက်တာနဲ့ ပတ်သက်ပြီး ဦးမျိုးမြင့်က RFA ကို ခုလို ပြောပြပါတယ်။

“ဗမာ့တပ်မတော်ကနေပြီးတော့ ရှေ့တန်း စစ်မြေပြင်ဒေသတွေမှာ လူမျိုးစုတွေအပေါ်မှာ ဗမာ့တပ်မတော်က လုပ်နေတဲ့ human rights violations ပေါ့ဗျာ။ ဒီလို နိုင့်ထက်စီးနင်း လုပ်နေတဲ့ ကိစ္စကို အဲဒီ ဥစ္စာကိုပဲ ဇောင်းပေးပြီး ပြောချင်တာ၊ သိစေချင်တယ်။”

အဲဒီရုပ်ရှင်ပြပွဲကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး  မစ္စတာ ကတ်ကင်းမ်ဘဲလ်နဲ့အတူ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး  ဂျိုးဇက်ယွန် ၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရှဝပ်နဲ့ စစ်ရာဇဝတ်မှုရုံး အကြီးအကဲ  ဒေါက်တာ ဒိုင်ယန်း တို့အပြင် Burma Soldier ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ  မစ္စ ဂျူလီ တို့လည်း တက်ရောက် ပြောကြားခဲ့ကြပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ RFA မှ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့