ယူနတီ သတင်းထောက်တွေကို အလုပ်ကြမ်းနဲ့ ထောင် ၁ဝ နှစ်စီ ချမှတ်


2014.07.10
unity-journal-305.jpg အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ
photo: Facebook

နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဒီကနေ့ ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရတဲ့ သတင်းထောက် ကိုလူမော်နိုင်ရဲ့ဇနီး မလွင်လွင်မြင့်က အယူခံဝင်သွား မယ့်အကြောင်း အခုလိုပြောပါတယ်။

"ဒီနေ့ ပခုက္ကူခရိုင်တရားရုံးက နောက်ဆုံးအပြီးသတ် အမိန့်အနေနဲ့ သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချလိုက်ပါတယ်၊ အားလုံး ၅ ယောက်စလုံးကို ၁ဝ နှစ်စီ ချလိုက်တာပါ၊ မနက်ဖြန်ကနေစပြီး ကျမက တိုင်းတရားရုံးချုပ်အထိ အယူခံတက်ပါမယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၂၈ ဦးနဲ့ တရားခံပြသက်သေ ၇ ဦးတို့ကို စစ်ဆေးခဲ့ပြီး ဒီနေ့ ၁၆ ကြိမ်မြောက်ရုံးချိန်းမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။

ကိုလူမော်နိုင်ရဲ့ ဇနီး မလွင်လွင်မြင့်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အခုလို ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်) ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။