ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ရရှိ


2017.05.12
dassk-updjc-620.jpg UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ မေလ ၁၂ ရက်နေ့မှာ ကျင်းပစဉ်
Photo: Win Naung Toe/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ဆိုတဲ့အချက်ကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးက သဘောတူလက်ခံ လိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ သမိုင်းဝင်သဘောတူချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းခွင့်ကို သဘာတူခဲ့ကြောင်း နိုင် ငံတော်အတိုင်ပင်ခံရုံးဝန်ြကီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

"ဒီကနေ့အစည်းအဝေးရဲ့ ထူးခြားချက်က ကျနော်တို့ သမိုင်းဝင်တဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်၊ သမိုင်းဝင် သဘောတူညီချက်ဆိုတာ နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်အားလုံပေါင်း ၆ ခုရှိပါတယ်၊ အ ချက်ပေါင်း ၂၁ ချက်ရှိပါတယ်၊ ဖက်ဒရယ်အခြေခံမူတွေဖြစ်ပါတယ်၊ တကယ်ကို ကျနော်တို့တိုင်းပြည်မှာ တခါမှမရှိဘူးတဲ့ သဘောတူညီချက်ပေါ့နော်၊ ဥပမာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်တစ်ချက်က တိုင်းဒေ သကြီး ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ထားရှိဖို့၊ ဒါကိုအကုန်လုံးက သဘော တူညီတယ်၊ တကယ်လည်း ဝမ်းမြောက်စရာကောင်းပါတယ်၊ လာမယ့် ငြိမ်းချမ်းရေးညီလာခံဟာ တကယ်ကို သမိုင်းမှတ်တိုင်ဖြစ်လာမှာဖြစ်ပါတယ်"

အဲဒီလို ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်ဆိုရင် မူလတည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆန့်ကျင်တဲ့ ဥပဒေမျိုးဖြစ်အောင် ရေးဆွဲကျင့်သုံးသွားရမှာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဆိုတဲ့အချက်ဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆွေးနွေးခဲ့ တဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေထဲမှာ ပါဝင်တဲ့အကြောင်းအရာဖြစ်ပြီး ဒီကနေ့ကျင်းပတဲ့ UPDJC အစည်း အဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်ကို သဘောတူလက်ခံပေမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ထပ်မံတင်သွင်းပြီး အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာတွေကို ဆွေးနွေးတင်ပြခြင်း၊ ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ့်ကာလ၊ ညီလာခံသဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုရေးကိစ္စတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။