တိုင်းနဲ့ပြည်နယ်တွေ ကိုယ်ပိုင်ဖွဲ့စည်းပုံ ရေးဆွဲမယ်


2017.05.13
updjc-meeting-620.jpg UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ မေလ ၁၂ ရက်နေ့မှာ ကျင်းပစဉ်
Photo: Win Naung Toe/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ပြုရေးဆိုတဲ့အချက်ကို မနေ့က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေးက သဘောတူ လက်ခံလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ သမိုင်းဝင် သဘောတူညီချက်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

အခုလို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့်အရေးကို ကြိုဆိုကြောင်း KNU ခေါင်းဆောင်တဦးဖြစ်သလို UPDJC ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

မနေ့က အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်ရေးအတွက် အားလုံးမှာ တာဝန်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒရှိမရှိဆိုတာကို ပြည်သူလူထုနဲ့ သမိုင်းက အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ပြော ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်နေကြောင်းနဲ့ မိမိတို့နိုင်ငံ ရဲ့အောင်မြင်မှုဟာ တခြားပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေအတွက်လည်း သင်ခန်းစာ ဖြစ်နိုင်တယ်လို့ လက်ခံယူဆသူတွေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အဲဒီလို တိုင်းနဲ့ ပြည်နယ်အလိုက် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ မူလတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ ဥပဒေမျိုးဖြစ်အောင် ရေးဆွဲ ရမှာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဆိုတဲ့အချက်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ် ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ရလဒ်တခု ဖြစ်ပြီး မနေ့က ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ တင်သွင်းဆွေးနွေးခဲ့တာပါ။ အခု သဘောတူချက်ကို မေလ ၂၄ ရက်နေ့ ကျင်းပမယ့် ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ထပ်မံတင်သွင်းပြီး အတည်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံက ပေါ်ထွက်လာမယ့် သဘောတူညီချက်တွေ ကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုရေးအတွက်လည်း ထည့်သွင်းဆွေးနွေးကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။