တော်လှန်ရေး ဝေါဟာရ အစိုးရလက်ခံ၊ တပ်ပိုင်းဆိုင်ရာ သဘောတူညီ


2015.03.19
ncct-upwc-third-day-305.jpg NCCT နဲ့ UPWC တို့ရဲ့ ၃ ရက်မြောက်နေ့ ဆွေးနွေးပွဲအပြီး မတ်လ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun, Aung Ko Ko/RFA

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် တတိယမြောက်နေ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းရေးနဲ့ တပ်နေရာချထားရေး သဘောတူညီမူတွေ ရရှိခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ တတိယနေ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ တပ်ပိုင်းဆိုင်ရာအချက်တွေ သဘောတူညီခဲ့တယ် လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြော ပါတယ်။

"တတိယနေ့မှာ ကျနော်တို့ဆွေးနွေးတဲ့ ဟာ တော်တော်လေး အဆင်ပြေတဲ့ သဘောတွေ တွေ့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းက အခန်း ၇ ခန်းရှိပါတယ်၊ အဲဒီ့ထဲက ဒီနေ့ အခန်း ၅ ခုကိုရောက်နေပါပြီ၊ အခန်း ၁ ၊ ၂ နဲ့ပတ်သက်ပြီး ပြန်ပြီးတော့လှည့်စရာ ဘာမှမရှိတော့ဘူး၊ ပစ်ခတ်တိုက်ခိုက်ဖို့ကိစ္စတို့၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီတို့၊ စစ်သည်တော်များဆိုင်ရာကိစ္စတို့မှာလည်း ကျနော်တို့ တော်တော်များများ သဘောတူထားပါပြီ"

အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား အမြဲငြင်းခုန်စရာ အကြောင်းအရာဖြစ်တဲ့ တော်လှန်ရေးဆိုတဲ့ စကားလုံးကို အစိုးရကလက်ခံလိုက်တဲ့အတွက် တပ်ပိုင်းဆိုင်ရာတွေကို သဘောတူနိုင်ခဲ့တာလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေအားလုံးကို သဘောတူညီနိုင်ခဲ့တဲ့အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းထဲမှာပါဝင်တဲ့ အခန်း ၇ ခန်းမှာ အခန်း ၅ ခန်းအထိ သဘောတူညီမူရခဲ့တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ မှာ ဆွေးနွေးသွားမယ်လု့ိ သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းမှာ နှစ်ဖက်တပ်နေရာချထားရေး နဲ့ နှစ်ဖက်တပ်တွေကို စောင့်ကြည့်စစ်ဆေးမယ့် အဖွဲ့တွေထားရှိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NCCT က အဖွဲ့ဝင်တွေဟာ ဒီဆွေးနွေးပွဲက ရလာတဲ့အချက်တွေကို တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တင်ပြသွားမယ်လို့ သိရပါတယ်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။