တပ်နဲ့ KIA အပစ်ရပ်လက်မှတ်ထိုးဖို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ တိုက်တွန်း

အဲလိဇဘက်ဂျန်မာ
2020-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ ၉ နှစ်ပြည့်တဲ့ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က တပ်မတော်နဲ့ KIA ကြား လက်မှတ်ရေးထိုးဖို့ သဘောထားထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

စစ်ဘေးဒုက္ခသည်တွေ သိက္ခာရှိစွာနဲ့ လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ သဘောတူညီချက် တစ်ခုခုရှိမှသာလျှင် စိတ်ချ မှာဖြစ်တဲ့အတွက် Bi-lateral လို့ ခေါ်တဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တိုက်တွန်းရတာလို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့  နယကအဖွဲ့ သိက္ခာတော်ရဆရာကြီး Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

"အားလုံးရဲ့သဘောက မူလနေရပ်ကို ပြန်ချင်တယ်။ဒါပေမဲ့ သိက္ခာရှိစွာပြန်ရေးနဲ့ လုံခြုံစွာပြန်ရေး နောက်ပြီး မှ အရေးကြီးဆုံးက ဒီမှာဖော်ပြထားတဲ့အတိုင်းပဲ တစ်ခုခု သဘောဘာတူညီချက်ရှိမှသာစိတ်ချမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ Bi-lateral ကတော့ စိတ်ချမှု တစ်ခုအနေနဲ့ လိုအပ်တယ်။ ဒါကြောင့်မို့ တိုက်တွန်းထားရခြင်း ဖြစ်တယ်"

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ KIA နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း လမ်းဖွင့်ပေးထား ကြောင်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ မူလနေရပ်ကို ပြန်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက မြေမြှုပ်မှိုင်းတွေ ရှင်းလင်းပေးဖို့၊ အရင်က မရှိခဲ့တဲ့ စစ်တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့နဲ့ နိုင်ငံတကာ အကူအညီတွေကို အဟန့်အတားမရှိ ကူညီခွင့်ပြုဖို့လည်း ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က တောင်းဆိုထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကတော့ Bi-Lateral ထိုးပြီးလို့ နေရပ်ပြန်ရင်ရော လုံခြုံစိတ်ချမှု ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ဂျန်မိုင်ကောင့် KBC စစ်ရှောင်စခန်း ဒုတာဝန်ခံ ဦးထွယ်အောင်က ပြောပါတယ်။

"ကျနော်တို့သွားနေပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အခုကသာငြိမ်နေတာ ကျနော်တို့ရွာသားတွေ ပြန်ရောက် လာရင် ဟိုဘက်ကလည်းလာမယ် ဒီဘက်ကလည်းလာမယ် နှစ်ဘက်ကလာမယ်ဆိုရင် ကျနော်တို့အတွက် နေရတာအဆင်ပြေမလားပေါ့။ လောလောဆယ်ပဲ အဆင်ပြေပြီး နောက်ပြန်ဖြစ်လာရင်ရော ဘယ်လိုအခြေ အနေလဲပေါ့။ ဒါကြောင့် ထာဝရငြိမ်းချမ်းမှုမရှိရင်တော့ ကျနော်တို့အတွက် မျှော်လင့်စရာသိပ်မရှိဘူး"

စစ်ဘေးဒုက္ခသည်စခန်းမှာ နေရတာ အချိန်ကာလကြာလာတာနဲ့အမျှ တချို့ဒုက္ခသည်တွေကတော့ လက်မှတ် ထိုးထိုး၊ မထိုးထိုး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မူလနေရပ်ကို ပြန်တော့မယ်ဆိုတဲ့ သဘောထားရှိနေကြသလို တချို့ကတော့ ငြိမ်းချမ်းရေး၊ စားဝတ်နေရေးနဲ့ အာမခံချက်ရှိတဲ့ လုံခြုံရေးတွေပေးနိုင်မှ နေရပ်ကိုပြန်မယ်ဆိုတဲ့ မတူညီတဲ့သဘောထားတွေ ရှိနေကြပါတယ်။

၂၀၁၆ ခုနှစ်နောက်ပိုင်း ကချင်ဒေသမှာ တိုက်ပွဲတွေကျဲလာတဲ့နောက်မှာတော့ ဒုက္ခသည်တချို့က မူလနေရပ် ကိုပြန်ပြီး လုပ်ကိုင်စားသောက်နေသူတွေလည်း ရှိနေပါပြီ။

စစ်ဘေးဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး၊ အထောက်အပံ့ရရှိရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကချင်လူသားချင်းစာနာမှုထောက်ထားမှုကော်မတီ KHCC နဲ့ အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထိထိရောက်ရောက် အကောင်ထည်ဖော်ဆောင်ရွက်နေတာတွေ မရှိသေးပါဘူး။

ဒီလို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသေးတာဟာ အစိုးရတပ်မတော်နဲ့ KIA ကြား တိကျခိုင်လုံတဲ့ သဘောဘာတူညီချက် မရှိသေးတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ကချင်ဒေသမှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဟာ ၉ နှစ်ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းပေါင်း တစ်ရာလောက်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းလောက်ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့