ဆေးခြောက်လျှော်ပင်အမှုမှ အမေရိကန်နိုင်ငံသား တရားရုံးကို ရောက်မလာ


2020.01.13

မန္တလေး၊ မြို့သာစက်မှုဥယျာဉ်အတွင်းမှာ ဆေးခြောက်လျှော်ပင် စိုက်ပျိုးတာကြောင့် အရေးယူခံထားရပြီး ကျန်းမာရေးအာမခံနဲ့ လွှတ်ထားတဲ့ အမေရိကန်နိုင်ငံသား Mr. Jom Todoroki ကို အဆက်အသွယ်မရကြတာ နှစ်လခန့် ရှိနေပြီဖြစ်ပါတယ်။

(၂၇) ရက်နေ့ ရုံးချိန်းမှာ အမှုကို လာရောက် မရင်ဆိုင်ဘူးဆိုရင် အာမခံပေးထားသူကို   တရားစွဲမယ်လို့ မြင်းခြံခရိုင်တရားရုံးက ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်တင်သန်းက  ဒီကနေ့ ရုံးချိန်းအပြီးမှာ ပြောပါတယ်။

မစ္စတာဂျွန်ဟာ ကျန်းမာရေးအရ အမေရိကန်ဒေါ်လာ ၃၀၀၀ နဲ့ အာမခံ ရရှိထားတာဖြစ်ပြီး သူ့ရဲ့ရှေနေဖြစ်သူနဲ့ ဆက်သွယ်မရဖြစ်နေတာဟာ အချိန်နှစ်လခန့် ရှိနေပြီဖြစ်တဲ့အပြင် တရားရုံးချိန်းတွေ မလာရောက်တာ ကြာနေပြီဖြစ်ကြောင်းလည်း တရားရုံးက ပြောပါတယ်။

မြင်းခြံထောင်အတွင်းကနေ တရားရင်ဆိုင်နေရတဲ့ သူ့ရဲ့ အမှုတွဲ မြန်မာနိုင်ငံသား နှစ်ယောက်ထဲက မရွှန်းလဲ့မြတ်နိုးဟာ ကျန်းမာရေးချို့ယွင်းနေတယ်လို့ သူ့ရဲ့ မိခင်နဲ့ ရှေ့နေဖြစ်သူတို့က ပြောပါတယ်။

ဒါကြောင့် ဒီကနေ့မှာ မရွှန်းလဲ့မြတ်နိုးအတွက် ကျန်းမာရေးအာမခံ လျှောက်ထားခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

မစ္စတာဂျွန်နဲ့ ဆက်သွယ်မရဖြစ်နေပေမယ့် မြန်မာနိုင်ငံသား နှစ်ယောက် အမှုက လွတ်မြောက်ဖို့အတွက် အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

တရားစွဲဆိုထားတဲ့အမှုကို ချေဖျက်ပေးဖို့အတွက်ကို ပြီးခဲ့တဲ့လက မန္တလေးတိုင်းတရားလွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။

လာမယ့် ၂၀ ရက်နေ့ ရုံးချိန်းမှာတော့ မရွှန်းလဲ့မြတ်နိုးကို အာမခံပေးသင့်၊ မပေးသင့်ဆိုတာ ကြားနာသွားမှာဖြစ်တယ်လို့ မြင်းခြံခရိုင် တရားရုံးက သိရပါတယ်။

စိုက်ခင်းထဲက အပင်တွေကို စစ်ဆေးရာမှာ ဓာတုဗေဒပြန်စာအရ သိမ်းဆည်းရမိတဲ့ အညိုရောင်အစေးတွေနဲ့ အမည်းရောင်အစေးတွေက ဆေးခြောက်တွေဖြစ်ပြီး အရည်တွေက အက်စီတုန်းအရည်တွေဖြစ်တယ်လို့ ပေါ်ပေါက်တဲ့အတွက် အမှု အယူခံကိုပယ်ချခဲ့တာလို့ မန္တလေးတိုင်း တရားလွှတ်တော်က ပြန်ကြားရေး အရာရှိက ပြောပါတယ်။

အဟာရဆေးဝါးကုမ္ပဏီဟာ မြို့သာစက်မှုဥယျာဉ်အတွင်းက မြေဧက ၆၀ ကျော်မှာ ဆေးခြောက်အနွယ်ဝင် အပင်တွေ စိုက်ပျိုးဖို့ စီစဉ်ထားပြီး ဧက ၂၀ ခန့်မှာ မန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က အမေရိကန် နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီး တရားစွဲဆိုလိုက်တာပါ။

စိုက်ပျိုးနေဆဲကာလ အချိန် ကိုးလခန့်အကြာမှာ ဆေးခြောက်စိုက်ပျိုးနေကြောင်း ပြီးခဲ့တဲ့ ဧပြီလက လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံလာတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။