ရိုဟင်ဂျာတွေအပေါ် တပ်မတော်က စနစ်တကျ အကြမ်းဖက်မှုလို့ အမေရိကန်ပြော


2018.09.25
rohingya-border-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: RFA

ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ စနစ်တကျနဲ့ အစီအစဉ်ရှိရှိ ချိတ်ဆက်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ တချို့နေရာတွေမှာဆိုရင် လူတွေကိုအိမ်တွေထဲမှာ ပိတ်ထားခဲ့ပြီး မီးရှို့တာ၊ တရွာလုံးကို ပိတ်ပြီး လူအုပ်ထဲ သေနတ်နဲ့ပစ်ခတ်တာ၊ ထွက်ပြေးသွားကြတဲ့ လှေတွေကို ပစ်မြှုပ်တာတွေရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ စာမျက်နှာ ၂၀ပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြတဲ့   ရိုဟင်ဂျာတွေထဲက လူဦးရေ တစ်ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းထားသူတွေ ထွက်ဆိုချက်အရ အများစုဟာ သတ်ဖြတ်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရ သူတွေဖြစ်သလို တဝက်လောက်က အဓမ္မပြုကျင့်မှုတွေကို မြင်တွေ့ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ အမျိုးသမီးတွေကို ၄ ယောက် သို့မဟုတ် ၅ယောက် တချို့နေရာတွေမှာဆိုရင် အမျိုးသမီး ၂၀ လောက်အထိ အုပ်စုလိုက်ကို လယ်ကွင်းတွေ တောထဲတွေ အိမ်ကြားထဲတွေ ကျောင်းတွေ ဗလီတွေထဲ ခေါ်သွားပြီး စစ်သားတွေ က အုပ်စုလိုက် အဓမ္မပြုကျင့်တဲ့အကြောင်း ပါရှိပါတယ်။

မြန်မာနိုင်ငံ မောင်တောဒေသကို သွားရောက်လေ့လာခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီ ဟန့် Jeremy Hunt က ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ကမကထပြုခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ သူက မြန်မာ့တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ လူဦးရေ တသန်းလောက် ခံစားနေရတဲ့ဒုက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် မိမိတို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကျရှုံးမှုပဲလို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟာလေး Nikki Haley က ရိုဟင်ဂျာတွေအတွက် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁၈၅သန်း ကူညီမယ်လို့ ကြေညာလိုက်သလို မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးရှင်းလင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ တာဝန်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ အစီရင်ခံစာမှာ လူမျိုးတုံး သတ်ဖြတ်မှု သို့မဟုတ် လူသားမျိုးနွယ်လုံးဆိုင်ရာ ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲထားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။