မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

2012.09.08
joseph-yun-b305 အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun
Photo: U.S Department of State

အဲဒီ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ များမကြာခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့အမြင်ကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြို့ပေါ်က ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ ပဋိပက္ခဖြစ်စဉ် ကာလတွေအတွင်း ဒေသခံတွေရဲ့ အမြင်နဲ့ ခံစားချက်တွေကို မေးမြန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ဦးဆောင်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသနဲ့လည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာတော် အရိယဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။

"ဘုန်းဘုန်းတို့ အနေနဲ့ ဆွေးနွေးတဲ့ ဥစ္စာကတော့ အဓိက မြန်မာနိုင်ငံသားဖြစ်မဲ့ ဘင်္ဂလီနဲ့ တရားမဝင် နိုင်ငံခြားသားဖြစ်တဲ့ ဘင်္ဂလီ၊ ဒါနှစ်မျိုးကို ခွဲခြားရမယ်လို့ ဘုန်းဘုန်းက ဒါကို အဓိက ဆွေးနွေးပါတယ်။ တရားမဝင်ပဲနဲ့ နည်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ အစိုးရနဲ့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်စခန်းကို Refugee camp နဲ့ ထားပြီးတော့ နိုင်ငံသားဖြစ်တဲ့ ဘင်္ဂလီတွေကို မိမိမြန်မာနိုင်ငံမှာပဲ ဒီလို တရားဝင်နဲ့ နိုင်ငံသားအဖြစ်ထားဖို့ ဘုန်းဘုန်းက အဓိကထားပြီး ဆွေးနွေးပါတယ်"

ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ မနေ့က ရောက်ရှိနေတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ကျောက်တော်နဲ့ မြောက်ဦးဘက်ကို သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ရခိုင်ပြည်နယ် အရေးအခင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ စစ်တွေမြို့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသနဲ့ သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။