မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း


2013.05.18

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI  သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ဒီလို အကူအညီတွေတိုးပေးမယ့် သမ္မတ အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စောသေးတယ်လို့ တချို့လွှတ်တော်အမတ်တွေက စောဒကတက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့မြင်ရတာ နှစ်နှစ်ပဲရှိသေးပြီး  တိုင်းရင်းသားဒေသတွေမှာ ပဋ္ဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ ကွန်ဂရက်ကြားနာပွဲတစ်ခုမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲ ဥက္ကဌ အောက်လွှတ်တော်အမတ်  Steve Chabot က ပြောကြားပါတယ်။ သူနဲ့တခြားအမတ်တွေက မြန်မာနိုင်ငံကို ဘယ်လိုစစ်ရေးအကူအညီမျိုးဖြစ်ဖြစ် ပေးတာကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိတာ အသိအမှတ်ပြုပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ကို လာရောက်တာဟာ စောနေသေးကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အရှေ့အာရှနဲ့ အာရှ-ပစိဖိတ်ရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဂျိုးဇက်ယွန်ကတော့ မြန်မာနိုင်ငံက သမိုင်းဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။