စစ်ရေးဆက်ဆံမှု အမေရိကန်အမတ် သတိပေး

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်ဆိုပေမယ့် လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးနေဆဲ ဖြစ်တဲ့အတွက် မြန်မာအစိုးရဖက်က ပေးထားတဲ့ကတိတွေ၊ သဘောတူညီချက်တွေကို အပြည့်အဝမရမချင်း အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးကို အပြည့်အဝ မထူထောင်သင့်ဘူးလို့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Mr. Steve Chabot က ပြောလိုက်ပါတယ်။

အမေရိကန်-မြန်မာ စစ်ဖက်ဆိုင်ရာဆက်ဆံရေးနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီမြို့တော်က Heritage Foundation မှာ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရီပတ်ဘလစ်ကန် အမတ် Steve Chabot က အခုလို ပြောလိုက်တာပါ။

သမ္မတအိုဘားမား အစိုးရဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စကို မျက်ကွယ်ပြုထားသလို၊ အလေးထားဆောင်ရွက်မှုလဲမရှိဘူးလို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးသလို၊ ပြစ်ဒဏ်ချမှတ်ထားတဲ့နှစ်ကာလ မပြည့်ခင် လွတ်မြောက်လာခဲ့တဲ့သူတွေ ဟာလည်း နောက်တစ်ကြိမ် ထပ်မံကျူးလွန်ရင် ကျန်ရှိတဲ့ပြစ်ဒဏ်တွေကို ပြန်လည်ကျခံရမယ်ဆိုတဲ့ ခြွင်းချက်အောက်မှာ နေကြရပါတယ်၊ လယ်သိမ်းယာသိမ်းကိစ္စတွေလည်း အမြောက်အမြား ရှိနေသလို၊ ခရိုနီတွေနဲ့ အာဏာပိုင်တွေရဲ့ အသိုင်းအဝိုင်းတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေကြပါတယ်လို့ Mr. Chabot က ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် တိုးတက်ကောင်းမွန်လာဖို့ ကာလရှည်ကြာဦးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် အခြေအနေတွေ ပိုမိုကောင်းမွန်လာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အတတ်နိုင်ဆုံး အစီအစဉ်တကျ ပံ့ပိုးကူညီရမှာဖြစ်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။  ဒီဆွေးနွေးပွဲမှာ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၊  US CB မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့နဲ့ Heritage Foundation က အရာရှိတွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး အခြားအဖွဲ့အစည်းတွေနဲ့ ပညာရှင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့