မြန်မာကိုကူညီမှု ကန်လျှော့ချနိုင်ဟု တရုတ်ပြောကြား


2017.01.28
donald-trump-620.jpg အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုတွေ့ရစဉ်
Photo: President Donald J. Trump

တရုတ်အစိုးရအာဘော် အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့် အနေနဲ့ သူ့ပြည်တွင်း ဦးစားပေးရေး အစီအစဉ်တွေကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုလျှော့နည်းပြီး လက်ရှိကူညီမှုတွေကို လျှော့ချနိုင်ဖွယ် ရှိကြောင်းနဲ့ NLD အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစီအစဉ်ကိုတောင် ဥပက္ခာပြုလာနိုင်ကြောင်း မနေ့က ရေးသားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေ ထပ်မံတိုးတက် မရရှိတော့ဘူး ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံပူးပေါင်းမှုတွေကို ပိုမိုတိုးချဲ့လာနိုင်တယ်လို့လည်း တရုတ်သတင်းစာမှာ ဖေါ်ပြ ထားပါတယ်။

(American Myanmar Chamber of Commerce) အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင် ကတော့ အဲဒီ အယူအဆကို သူလက်မခံနိုင်ကြောင်း၊ တရုတ်နိုင်ငံဟာ သမ္မတ ထရမ့်လက်ထက်မှာ အမေရိ ကန်နိုင်ငံက လက်ရှိရရှိနေတဲ့ ကုန်သွယ်မှုအမြတ်အစွန်းတွေ လျှော့နည်းသွားမှာကို စိုးရိမ်နေတာကြောင့် သူတို့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို စည်းရုံးနေတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"အရှေ့တောင်အာရှ ၁၀ နိုင်ငံအားလုံးကို သူကစည်းရုံးတယ်တဲ့၊ အဲဒီအထဲမှာ မြန်မာကိုစည်းရုံးဖို့ အလိုအပ်ဆုံးပဲခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်က တရုတ်ကို တော်တော်လေး အားကိုးခဲ့ပါတယ်ခင်ဗျ၊ အိမ်နီးနားချင်းမို့လို့လည်း အားကိုးခဲ့တာပါတယ်၊ ဒါပေမဲ့ အခုကျနော်တို့ အားကိုးဖို့မလိုတော့ပါဘူး၊ ကျနော်တို့မှာ ပို့လို့ရတဲ့တိုင်းပြည်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ပွဲစားတွေ မလိုတော့ပါဘူး၊ ဒေါ်နယ်လ်ထရမ့်က သူဟာသူ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် သူက ကျနော်တို့တိုင်းပြည်ကို တော်တော်လေး စိတ်ဝင်စားတာပါ ဒါပေမဲ့ ကျနော်တို့က ဒီဥစ္စာကို သူသိအောင် သူ့အထိရောက်အောင် ဒါကိုကျနော်တို့ လုပ်ရမှာ၊ ဆောင်ရွက်ရမှာဖြစ်ပါတယ်"

ဒါ့အပြင် Global Times သတင်းစာမှာ အမေရိကန် သမ္မတ ထရမ့်ကို လက်တု့န့်ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တရုတ်နိုင်ငံက တိုးချဲ့နိုင်ကြောင်း၊ တရုတ်ပြည်ဟာ ဒေသ အတွင်း ပြိုင်ဘက်မရှိ ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးခြင်းမရှိကြောင်းနဲ့ တခြားတိုင်းပြည် တစ်ခုခုက အလားတူ လုပ်ဆောင်မှုကိုလည်း ကန့်ကွက်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

တရုတ်အစိုးရအာဘော် သတင်းစာက အမေရိကန်အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေ လျှော့ ချနိုင်ကြောင်း ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် မြန်မာကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းတင်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။