မြန်မာလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ အမေရိကန်အမတ် ကြေညာ

2014-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ စစ်တပ်ပြုပြင်ပြောင်းလဲရေးတွေ ပီပီပြင်ပြင် တိုးတက်မှုတွေ တွေ့မြင်လာရမှသာ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို အကူအညီတွေ ပေးနိုင်မယ်ဆိုတဲ့ ၂၀၁၄ ခုနှစ်အတွက် အက်ဥပဒေကို အမေရိကန်အောက်လွှတ်တော် အမတ်နှစ်ဦးက ကြေညာလိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို ထင်ရှားတဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ် Joe Crowley နဲ့ ရီပါဘလီကင် အောက်လွှတ်တော်အမတ် Steve Chabot တို့က ဦးဆောင်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေအရ  အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ရဲ့ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ထိန်းသိမ်းမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရမချင်း စစ်ရေးဆိုင်ရာအကူအညီတွေ ပံ့ပိုးပေးတာ၊ တိုးချဲ့တာတွေကို တားဆီးထားပါတယ်။ အဲဒီ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေထဲမှာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ၊ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး၊ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်နေတာတွေ ပပျောက်ရေး၊ အရပ်ဘက်က စီမံဆုံးဖြတ်တဲ့ စစ်တပ်ထူထောင်ရေးတွေပါဝင်ပါတယ်။

ဒါပေမဲ့အဲဒီတားမြစ်ကန့်သတ်ချက်ထဲမှာ အမေရိကန် စစ်တက္ကသိုလ် နိုင်ငံတကာ ဥပဒေလေ့လာရေးဌာနက ပို့ချနေတဲ့ လူ့အခွင့်အရေးသင်တန်းတွေ၊ အရပ်ဘက်တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသင်တန်းတွေနဲ့ အရေးပေါ် သဘဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီတွေ မပါဝင်ဘဲ၊ အဲဒီအစီအစဉ်တွေကိုတော့ ဆက်လက်အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ IMET ခေါ် နိုင်ငံတကာ စစ်တပ်ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်အရ နိုင်ငံအများမှာ စစ်ရေးဆိုင်ရာသင်တန်းတွေ ပို့ချပေးနေပါတယ်။ ဒါပေမဲ့ အဲဒီ IMET အစီအစဉ်ဟာ မြန်မာနိုင်ငံအတွက် အချိန်မတန်သေးဘူးလို့ လွှတ်တော်အမတ် Crowley က ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့