တပ်မတော် ခေါင်းဆောင် သားသမီးတွေ ကန် ပြည်ဝင်ခွင့် ရရှိနေ


2018.08.11
army-leaders-622.jpg နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ ထရမ့် အစိုးရ အနေနဲ့ လက်တွေ့မှာ အပြည့်အဝလိုက်နာဆောင်ရွက်မှု မရှိဘူးလို့ အမေရိကန် နိုင်ငံရေးသတင်းဌာနတစ်ခုဖြစ်တဲ့ POLITICO က သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပိတ်ဆို့မှုဥပဒေအရ မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုအရင်းအချာတွေကို  ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခြင်း မပြုဖို့ တားမြစ်ထားတာ ၁ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် လွတ်တော်အသိုင်းအဝန်းက ရရှိတဲ့သက်သေ အထောက်အထားတွေအရဆိုရင် ဒီနှစ် ဇန်နဝါရီလကနေ အခုထိ အမေရိကန်အစိုးရဟာ မြန်မာ့တပ်မတော်က ဗိုလ်ချုပ်ကြီးအဆင့်အပါအဝင် အငြိမ်းစားနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ထိပ်တန်းခေါင်းဆောင်တချို့ရဲ့ သား သမီး ၅ ဦးထက်မနည်းကို အမေရိကန်ပြည်ထောင်စု လာရောက် နေထိုင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ပိတ်ဆို့ချက်တွေ ချမှတ်ထားပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် တစ်ဦးချင်းကို ချွင်းချက်နဲ့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးနိုင်ပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်က ဗိုလ်မှူးချုပ် တစ်ဦးရဲ့သားကို အနာဂတ်မှာ ဇီဝသိပ္ပံသုတေသနကဏ္ဍအတွက် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်တယ်၊ ဒါကြောင့် အမေရိကန် အမျိုးသားအကျိုးစီပွားဖြစ်တယ်ဆိုပြီး ပြည်ဝင်ခွင့်ပေး ခဲ့သလို အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူကိုလည်း သူမရဲ့လူမှုဆက်ဆံရေးပညာ လေ့လာသင်ကြား မှုတွေဟာ မြန်မာပြည်အတွက် တန်ဖိုးရှိတဲ့အတွက် အမေရိကန်အကျိုးစီးပွားနဲ့ ကိုက်ညီတယ်ဆိုပြီး ချွင်းချက်ပေး ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ သမီးကိုလည်း သူမက ပညာသင်ကြားပြီးရင် မြန်မာပြည်ပြန်ပြီး တိုင်းပြည်ကို အကျိုးရှိအောင်လုပ်ဆောင်လိုတဲ့ ဆန္ဒရှိတဲ့အတွက် ဒါဟာလည်း အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုး စီးပွားဖြစ်တယ်ဆိုပြီး နယူးယောက်တက္ကသိုလ်မှာ ပညာဆက်လက် ဆည်းပူးနိုင်အောင် ခွင့်ပြုခဲ့သလို အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ သားတစ်ယောက်ကိုလည်း မြန်မာပြည် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ထောက်ပံ့ ကူညီခဲ့တယ်ဆိုပြီး ပြည်ဝင်ခွင့်ပေးခဲ့ကြောင်း၊ သူဟာ စစ်အစိုးရအပြည့်အဝ အုပ်ချုပ်တဲ့ခေတ်က နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူဖြစ်ကြောင်း POLITICO သတင်းမှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ လက်ရှိ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှာ အမှုထမ်းနေတဲ့ တပ်မတော် ထိပ်တန်းအရာရှိတစ်ဦးရဲ့ သမီးကိုလည်း မြန်မာအစိုးရနဲ့ ဆက်ဆံရေး တိုးတက်နိုင်တယ်ဆိုပြီး ဗီဇာပေးသင့်ကြောင်း နိုင်ငံခြားရေးဌာနက အကြောင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာတပ်မတော်ခေါင်းဆောင်တွေရဲ့ သားသမီး အနည်းဆုံး နောက် ၂ ဦးကိုလည်း ပြည်ဝင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်လွတ်တော်အမတ် Eliot Engel အဲလီးယော့ အိန်ဂယ် က မြန်မာ့တပ်မတော်ကို ဖိအားပေးနေတဲ့အချိန်မှာ အခုလို အစိုးရက ချွင်းချက်နဲ့ ဗီဇာတွေပေးနေတာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့သလို အထက်လွတ်တော် အမတ် Robert Menendez ရောဘတ် မင်နန်ဒက်ဇ် ရဲ့လက်ထောက်တစ်ဦး ပြောကြားချက်အရ အထက်လွတ်တော်အမတ် အများအပြားကလည်း သမ္မတ ထရမ့် အစိုးရရဲ့ အခုလို လုပ်ဆောင် မှုဟာ သင့်တော်ပါရဲ့လားဆိုတာ မေးခွန်းထုတ်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။