မြန်မာအပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေး ကန့်သတ်မှု ၆ လ ဆိုင်းငံ့


2015.12.07

မြန်မာအပေါ်အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထား ပိတ်ဆို့ကန့်သတ်မှုတွေကို ၆ လ ယာယီ ဆိုင်းငံ့မယ်လို့ အမေရိကန်အစိုးရက တနင်္လာနေ့က ကြေညာပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ အရေးယူထား တာ အများစုကို ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။

ဒါပေမဲ့ အရပ်သားတပိုင်းအစိုးရနဲ့ နီးစပ်ပြီး၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက် နေတဲ့ ခရိုနီခေါ် လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ အရေးယူထား ဆဲဖြစ်တာကြောင့် အဲဒီခရိုနီတွေ လုပ်ကိုင်ခွင့်ရနေတဲ့ ဆိပ်ခံတွေ၊ လေဆိပ်တွေကို အမေရိကန် ကုမ္ပဏီတွေ အသုံးမပြုနိုင်ဘဲဖြစ်နေပါတယ်။

ဥပမာအနေနဲ့ အမေရိကန်အစိုးရရဲ့ ပုဂ္ဂိုလ်အလိုက် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတဲ့စာရင်းမှာ ပါဝင်တဲ့ စတီဗင် လော ပိုင် Asia World ဆိပ်ကမ်း ဟာ မြန်မာနိုင်ငံမှာ ကုန်သေတ္တာတင် အကြီးဆုံး ကွန်တိန်နာ ဆိပ်ကမ်းဖြစ်ပြီး၊ ရေကြောင်း ကုန်သွယ်မှုတွေ အမြောက်အမြား ဖြတ်သန်းရာ ဆိပ်ကမ်းဖြစ် ပါတယ်။ ဒါပေမဲ့ စတီဗင်လော အပေါ် ပိတ်ဆို့ထား တာကြောင့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Citigroup၊ Bank of America၊ PNC စတဲ့ အမေရိကန်ဘဏ်တွေက တဆင့် ဆိပ်ကမ်းသုံးစွဲခပေးလို့မရတဲ့အတွက် ကုန်စည် ပို့ဆောင်ရေး အခက်အခဲ ဖြစ်နေပါတယ်။

မနေ့ကတော့ Asia World ဆိပ်ကမ်း အပါအဝင် ဆိပ်ခံတွေ၊လေဆိပ်တွေကနေ ကုန်စည်တင်ပို့နိုင်ခွင့်ကို ၆ လ ခွင့်ပြု မယ်လို့ အမေရိကန်အစိုးရ က ကြေညာခဲ့တာပါ။

အခုလို အမေရိကန်က ပိတ်ဆို့အရေးယူမှု ယာယီ ရုပ်သိမ်းပေးလိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပြီး၊ အစိုးရသစ်ဖွဲ့ဖို့ ပြင်ဆင်နေချိန်၊ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ စစ်တပ်အကြီးအကဲ တို့ကလည်း အစိုးရသစ်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွဲပြောင်းပေးမယ်လို့ ကတိပြုပြောဆိုခဲ့ကြချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်မှု ရှိမရှိ မသိရ ပါဘူး။

နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကတော့ မြန်မာခရိုနီတွေ အပေါ် ပိတ်ဆို့ကန့်သတ်ထား တာတွေ ဖြေလျော့ပေးလိုက်တာနဲ့ မြန်မာ့ စီးပွားရေး တိုးတက်ကောင်းမွန်လာမယ်လို့ မယုံကြည်ကြောင်း၊ ဆိပ်ကမ်းလို လုပ်ငန်းမျိုးတွေကို ခရိုနီမဟုတ်တဲ့  တခြား မြန်မာလုပ်ငန်းရှင်တွေ လုပ်ကိုင် ခွင့်ရအောင် ဆောင်ရွက်တာကသာ အကျိုးရှိမှာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။