ရခိုင်ပြဿနာ ကိုင်တွယ်မမှားဖို့ အမေရိကန် ပြောကြား
2016.12.03
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် Daniel Russel ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် Daniel Russel က ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ မှားမယ်ဆိုရင် အဲဒီဒေသနိုင်ငံတွေမှာ ရှိနှင့်ပြီးဖြစ်တဲ့ အသေခံအကြမ်းဖက်ဝါဒကို အားပေးရာကျလိမ့်မယ်လို့ မနေ့က သတိပေးပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရတပ်ဖွဲ့တွေရဲ့ စစ်ဆင်ခြေမှုန်းမှုတွေကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နေရပ်ကထွက်ပြေးနေ ရပြီး အရေအတွက် မသိရတဲ့ ရိုဟင်ဂျာတွေ သေဆုံးရတဲ့အတွက် အလွန်အမင်း ဖိနှိပ်ခံရသူတွေကို အစွန်းရောက် သမားတွေဖြစ်အောင် တွန်းပို့သလိုဖြစ်နိုင်ကြောင်း သူကပြောပါတယ်။
တပြိုင်နက်မှာပဲ မြန်မာ့အိမ်နီးခြင်း မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတွေဖြစ်ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင် ငံတွေ အနေနဲ့လည်း လက်ရှိ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး ဘာသာရေးဆိုင်ရာ မကျေမနပ်မှုတွေ တိုးပွားလာစေနိုင်တဲ့ ဆန္ဒပြပွဲတွေကို တားဆီးကြဖို့လည်း Daniel Russel က တိုက်တွန်းလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ARNO အာနိုခေါ် ရခိုင်ရိုဟင်ဂျာ အမျိုးသားအစည်းအရုံးက ဒီဇင်ဘာ ၃ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာအစိုးရဖွ့ဲစည်းခဲ့တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ မောင်တောတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လက်မခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ အဲဒီစုံစမ်းရေးကော်မရှင်ကို ဦးဆောင်တဲ့ ဒု သမ္မတ ဦးမြင့်ဆွေဟာ တပ်မတော်အကြီးအကဲဟောင်းဖြစ်သလို ကော်မရှင်မှာလည်း ရိုဟင်ဂျာမွတ်စလင် တစ်ဦးတလေမှ မပါဝင်တဲ့အတွက် ဘက်မလိုက် မျှတမှုရှိမှာ မဟုတ်ကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာစုံစမ်းရေး ကော်မရှင်တစ်ခုကို ကမကထပြု ဖွဲ့စည်းပေးဖို့ တောင်းဆိုကြောင်း စသဖြင့် ရခိုင်ရိုဟင်ဂျာ အမျိုးသားအစည်းအရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။









