အစိုးရကို ကူညီဖို့ မြန်မာ့ တပ်မတော်ကို ကန် တိုက်တွန်း
2017.03.16
ရခိုင်ပြည်နယ်က ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်လို့ အရပ်သားအစိုးရကိုပံ့ပိုးဖို့ အမေရိကန်က မြန်မာ့တပ်မတော် ကို တိုက်တွန်းထားကြောင်း အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ပက်ထရစ်မာဖီက မနေ့က ပြောလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့အခြေစိုက် United States Institute of Peace အဖွဲ့က ကမကထပြုလုပ်တဲ့ မြန်မာနိုင်ငံမှ ပဋိပက္ခနှင့်ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ အစိုးရကိုပံ့ပိုးဖို့ မြန်မာ့တပ်မတော်ကို တိုက်တွန်း ထားကြောင်း၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ပါ ပူးပေါင်းဆောင်ရွက်နေသလို၊ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ကိုလည်း မျှော်လင့်ထားကြောင်း ပက်ထရစ် မာဖီက ပြောသွားတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအရပ်သားအစိုးရနဲ့ရော အရပ်ဖက်အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပြီး အကောင်းဖက်ကိုမျှော် လင့်ထားတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေဟာ အရင်ခေတ်တွေကထက် အလားအလာ ကောင်းတယ်လို့မြင်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးကော်မတီ ဥက္ကဌ ဝန်ကြီးဟောင်း ဦးအောင်ကြည်က RFA ကိုပြောပါတယ်။
"ငြိမ်းချမ်းရေးဆိုတာကတော့ ကျနော်တို့က အချိန်သတ်မှတ်လို့ မရနိုင်ပါဘူး၊ ဒါပေမဲ့လည်းပဲ ကျနော် တို့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက်လုံးမှာ ဖြစ်ပေါ်လာခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲမှာ အခုအခြေအနေဟာ အခက်အခဲတွေအများကြီး ရှိတယ်ဆိုသော်လည်းပဲ အလားအလာကောင်းနေသေးတယ်လို့ ကျနော်က ဒီလိုမြင်ပါတယ်"
ဆွေးနွေးပွဲမှာ မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာရေးရာ၊ နယ်စပ်ဒေသကပဋိပက္ခ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်၊ ရခိုင်-ရိုဟင်ဂျာနဲ့ အပြန်အလှန်အကြမ်းဖက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်-ဖွံ့ဖြိုးတိုး တက်ရေးနဲ့ အခြားအခက်အခဲများဆိုတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးကြတာပါ။
ဆွေးနွေးပွဲမှာ အမေရိကန်သံအမတ်ဟောင်း ဒဲရစ်မစ်ချဲ၊ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေးဗစ်စတိုင်း ဘာ့ခ်၊ USIP အဖွဲ့အကြီးတန်းအကြံပေး ပရစ်ဆဲလားကလက်ပ်၊ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဌ ဂျာနန်းလာထော၊ တရုတ်နဲ့ အိမ်နီးချင်းရေးရာကျွမ်းကျင်သူ ယွန်ဆန်းနဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆင်၊ Center for Diversity and National Harmony အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင်၊ Center for Humanitarian Dialogue အဖွဲ့က စီမံကိန်းမန်နေဂျာ စတီဗင် ရော့စ်နဲ့ Oxford တက္ကသိုလ်က ခေတ်သစ်မြန်မာနိုင်ငံ လေ့လာရေး သုတေသီ မက်သူး ဝေါ့လ်တန်၊ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးကော်မတီ ဥက္ကဌ ဝန်ကြီးဟောင်း ဦးအောင်ကြည်၊ USIP အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဗနီဆာ ဂျိုဟန်ဆန်နဲ့ လွှတ်တော်နိုင်ငံခြား လုပ်ငန်းများနဲ့ ဆက်စပ်အစီအစဉ်များဆပ်ကော်မတီဝင် ပေါလ်ဂရုဖ်တို့က ဆွေးနွေးခဲ့ကြပါတယ်။









