အမေရိကန် သံရုံးတာဝန်ခံက ပါတီအချို့နှင့် စီးပွားရေးပိတ်ဆို့မှု ကိစ္စဆွေးနွေး

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူရေး ပြန်ရုပ်သိမ်းဖို့ တင်ပြထားတဲ့ ရွေးကောက်ပွဲဝင် ပါတီတွေကို အမေရိကန်သံရုံးက ဒီကနေ့ မတ်လ ၂၈ ရက်မှာ တွေ့ဆုံပြီး အချက်အလက်တွေ ရယူခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

2011-03-28
Share
bush_signs_sanction_305_z.jpg စစ်အစိုးရအပေါ် တင်းကျပ် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့ ပြစ်ဒဏ်ခတ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန် သမတ ဂျော့ချ် ဒဘလျူ ဘုရှ် (အလယ်) ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ပြီးခဲ့တဲ့လအတွင်း ရွေးကောက်ပွဲဝင် ၁၀ ပါတီက မြန်မာနိုင်ငံအပေါ် စီးပွားရေး အရ ပိတ်ဆို့ အရေးယူတာတွေကို ဖယ်ရှားဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန် သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီဒင်းဂါးက ပါတီတွေကို ဒီကနေ့ မွန်းလွဲပိုင်းက နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ တွေ့ဆုံပွဲကို တက်ရောက်တဲ့ NDF ပါတီက ဦးခင်မောင်ဆွေက ခုလိုပြောပါတယ်။

“Sanction ကို လွှတ်ဖို့၊ ရုပ်သိမ်းဖို့ လိုသလား မလိုသလား ဆိုတဲ့ အချက်လောက် အနည်းငယ်လောက်ပေါ့ခင်ဗျာ။ သူတို့ဖက်ကလည်းပဲ ပြန်ပြောတာတွေ ရှိတာပေါ့။ လောလောဆယ်တော့ ရုပ်သိမ်းဖို့ အနေအထား မရှိသေးဘူး၊ လက်ရှိအစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားဖို့ sanction ကလည်း ဒီအတိုင်း ဆက်ရှိနေဦးမယ် ဆိုတဲ့ သဘောထားတွေကတော့ သူတို့ အဆင့်ကတော့ ဘယ်ပြောင်းနိုင်မလဲဗျာ။ ကျွန်တော်တို့ ဒီဟာတွေကို လေ့လာ သုံးသပ်ပြီးတဲ့အခါ ခိုင်မာတဲ့ အထောက်အထားတွေ ရှိရင်တော့ ပြန်လည် စဉ်းစားဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ ခုနေမှာ ဒီတိုင်းပဲပေါ့။ ဟိုသဘောကတော့ဗျာ facts finding ပေါ့ဗျာ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထားကတော့ သိနေပြီပေါ့ဗျာ။ ဒီဟာတွေက ဘယ်လောက်ထိ ခိုင်ခိုင်မာမာ ကျွန်တော်တို့က ကိုယ်ယုံကြည်ချက်ကို တည်ဆောက်ထားသလဲ။ ဘယ်အခြေခံပေါ်မှာ ဆောက်ထားသလဲ ဆိုတာကို သိချင်တဲ့ အခြေအနေလောက်ပါပဲ။”

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို လတ်တလော ဆက်လက် ထားရှိဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတွေ့ဆုံပွဲဟာ အမေရိကန် အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး အဆိုအတွက် အချက်အလက် ရှာဖွေတာ ဖြစ်ပြီး ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ သိရပါတယ်၊ တွေ့ဆုံပွဲဟာ တနာရီကျော်ကျော် ကြာတယ်လို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့