အမေရိကန်ပြည်ထောင်စု မှာ မြန်မာမိသားစု သုံးဦး သတ်ဖြတ်ခံရ
2015.03.19
အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်က New Bern ဆိုတဲ့မြို့တစ်မြို့မှာ ကရင်လူငယ်တစ်ယောက်က ကရင်နီမိသားစုတစ်စုကို မတ်လ ၁၇ ရက်နေ့ ညသန်းခေါင်လောက်မှာ ဓါးနဲ့တိုက်ခိုက်တဲ့အတွက် ကလေးငယ်ညီအကို ၃ ယောက်သေဆုံးပြီး၊ အကြီးဆုံးသမီးနဲ့ မိခင်ဖြစ်သူက ဒဏ်ရာတွေနဲ့ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
သေဆုံးသူ ကလေးတွေဟာ အသက် ၁ နှစ်၊ ၅ နှစ်နဲ့ ၁၂ နှစ်အရွယ် ယောက်ျားလေးတွေဖြစ်ပါတယ်။
တိုက်ခိုက်သူဟာ အသက် ၁၈ နှစ်အရွယ် အယ်လာဒိုးထူးဆိုသူ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်တယ်လို့ သူတို့ကို လူမှုရေးအကူအညီပေးလေ့ရှိတဲ့ မြန်မာနိုင်ငံဖွား ကရယ်မူးက RFA ကိုပြောပါတယ်။
"အစစ်ခံတဲ့မိသားစုက ကရင်နီပေါ့နော်၊ လုပ်တဲ့လူကတော့ အဲ့ဒီကရင်အမျိုးသား လူငယ်တစ်ယောက်ပေါ့၊ ၁၈ နှစ်အရွယ် အဲ့ဒီကောင်လေးက စရောက်လာကတည်းက ကျောင်းတက်တယ် ဒါပေမယ့် နောက်ပြီးသူက ဆေးသောက်ဖူးတယ်၊ နောက်သူဆေးကိုဖြတ်ပြီး ၂ လ ၃ လကြာတော့ ဦးနှာက်တွေထိခိုက်တာပေါ့၊ ထိခိုက်တော့ သူကတစ်ခါလေလည်း စိတ်မပါဘူး၊ သူ့မိဖက အမြဲတမ်းကြည့်ထားတာပေါ့၊ မနေ့ကဖြစ်ရတဲ့ဟာ သူ့မိဘလည်းမရှိဘူး အလုပ်သွားတယ်၊ အလုပ်သွားတော့သူ ၁၂ နာရီလား ၁ နာရီလားအချိန်က သူထွက်သွားတော့ ဘယ်သူမှမသိဘူးအဲ့ဒါကို"
အခင်းဖြစ်ပွားချိန်က အသတ်ခံရတဲ့ကလေးတွေရဲ့ ဖခင်ရော၊ လူသတ်မှုကျူးလွန်တဲ့ တရားခံလူငယ်ရဲ့ မိဘတွေကပါ အမဲသားစက်ရုံမှာ ညဆိုင်းအလုပ်ဝင်နေကြတယ်လို့ သိရပါတယ်။
သတ်ဖြတ်သူလူငယ်မိသားစုက အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်နေရာချထားရေးအစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ရောက်ရှိလာတာဖြစ်ပြီး အသတ်ခံရသူမိသားစုကတော့ လွန်ခဲ့တဲ့ ၆ လ လောက်ကမှ ရောက်ရှိခဲ့ကြသူတွေဖြစ်ပါတယ်။
အခုတော့ အယ်လာဒိုးထူးကို ဖမ်းထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
အဲ့ဒီ New Bern မြို့လေးမှာ လူဦးရေ ၃ သောင်းခန့်နေထိုင်တဲ့အနက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက ၂ ထောင်လောက်ရှိပါတယ်။









