မကွေးမြေအမှုများ ရှင်းပေးဖို့ သာသနာရေးဝန်ကြီးဟောင်း တောင်းဆို


2020.01.13

မကွေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ မြေယာအမှုပေါင်း ၃၀ ကို အမြန်ဆုံးဖြေရှင်းဆောင် ရွက်ပေးဖို့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသားများ တောင်သူလယ်သမားများသမဂ္ဂဗဟို ဟာ ဇန်နဝါရီ ၁၀ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။

ဦးဆန်းဆင့်နဲ့အတူ ဆောနဲ့ ပေါက်မြို့နယ်က လယ်သမားအင်အား ၁၀၀ နီးပါးလည်း လိုက်ပါခဲ့ကြတာပါ။ ဒီမြေယာအမှုတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ ဗဟိုမြေစစ်ကော်မတီထံ တင်ပြထားပြီး ဖြစ်ပေမယ့် လယ်မြေနဲ့ အခြားမြေများ မတရား သိမ်းဆည်းခံထားရတဲ့ မကွေးတိုင်းက လယ်ယာအမှုတွေကိုတော့ ပြေလည်အောင် ဆောင်ရွက်မပေးသေးတဲ့အတွက် အခုလိုတွေ့ဆုံပြီး တောင်းဆိုလိုက်တာလို့ ဦးဆန်းဆင့် က ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့မြေယာတွေမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပူးပေါင်းပြီး သိမ်းဆည်းတဲ့ အမှု သုံးမှု၊ တပ်မတော်က သိမ်းတာ ခုနှစ်မှုအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့အစည်းတွေအပါအဝင် အစိုးရအဖွဲ့က သိမ်းဆည်းတာတွေက အမှု ၂၀ အားလုံးပေါင်းရင် အမှုပေါင်း ၃၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီအမှုတွေဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က အသိမ်းခံရတာများတယ်လို့လည်း ယခင်အစိုးရလက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး စတဲ့ ထိပ်တန်းတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဆန်းဆင့်က ပြောပါတယ်။

တပ်သိမ်းမြေယာတွေနဲ့ပတ်သက်ရင် တပ်မတော်ရဲ့မူဝါဒ သုံးချက်နဲ့ ကင်းလွတ်နေတဲ့ ပိုလျှံနေတဲ့မြေယာတွေကို ပြန်လိုချင်တဲ့အတွက် တောင်းဆိုတာလို့လည်း ဆက်ပြောပါတယ်။

မြေယာအသိမ်းခံရတဲ့အပြင် မိမိပိုင်ဆိုင်တဲ့ မြေယာအပေါ်မှာ ဝင်ရောက်လုပ်ကိုင်တာဖြစ်ပေမယ့်လည်း ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတာတွေရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

အခုလိုလယ်ယာမြေပြဿနာတွေ ပေါ်ပေါက်နေရတာဟာ သိမ်းဆည်းစဉ်ကာလက ဥပဒေတွေနဲ့အညီ သိမ်းဆည်းခဲ့တာမဟုတ်တဲ့အတွက် ဒီလိုပြဿနာတွေဖြစ်ရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စု တိုင်ရင်းသားများ တောင်သူလယ်သမားများသမဂ္ဂဗဟို ဥက္ကဋ္ဌ ဦးသိန်းဝင်း က RFA ကို ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့် လက်ထက်မှာတော့ မြေသိမ်းဆည်းခြင်း၊ ပြန်လည်ချထားရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဥပဒေကိုလက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ အဲဒီဥပဒေအရမည်သူမဆို လယ်ယာမြေသိမ်းဆည်းရာမှာ ဥပဒေပါအချက်အလက်ကို ဖောက်ဖျက်ခဲ့ရင် တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူခံရမယ်လို့ ပါရှိပါတယ်။

ဒီလယ်သမားအရေးနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးကို RFA က မေးမြန်းရာမှာ

"ဒါတွေကတော့ သူတို့အစိုးရအဖွဲ့ကိုလည်း ကြိုတင်ပြီးတော့ တင်ပြပြီးသား ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ စီစစ်ဆဲတွေရော၊ စီစစ်ပြီးသားတွေရော ရှိပါတယ်။ အမြန်ဆုံးလည်း ကျနော်တို့ လုပ်နေပါတယ်။ ထပ်တက်လာတဲ့အမှုတွဲတွေကိုလည်း ဖြေရှင်းဆောင်ရွက်နေပါတယ်။"

တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာ မကွေးတိုင်းက အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ မြေသိမ်းခဲ့ယူတာ များတယ်လို့ သိရပါတယ်။ ဒီလိုမြေယာအမှုတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၀ မတိုင်ခင် ဆောင်ရွက်ပေးစေချင်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားများ တောင်သူလယ်သမားများသမဂ္ဂ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။