နေပြည်တော်မှာ မဲဆွယ်စည်းရုံးနေတဲ့ USDP နဲ့ NLD ပါတီထောက်ခံသူတွေ ခိုက်ရန်ဖြစ်ပွား

သီဟထွန်း
2020.09.17

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ယဉ်တန်းပေါ်က ပါတီဝင်တွေနဲ့ NLD ထောက်ခံသူတွေအကြား မနေ့က နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ရဲစခန်းမှာ အပြန် အလှန် အမှုဖွင့်ထားကြပါတယ်။

ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ဘူတာကြီးအနီးမှာ စက်တင်ဘာ ၁၆ ရက် မနေ့ညနေပိုင်းက ကျွဲကျောင်းနေတဲ့ လူငယ်လေးဦးနဲ့ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေကြား ခိုက်ရန် ဖြစ်ပွားခဲ့ပြီး လူငယ်လေးဦးနေထိုင်တဲ့ သစ်ရာကုန်းရွာသားတွေ ပါဝင်လာရာကနေ နှစ်ဖက်ထိခိုက်ရာရတာတွေ ရှိခဲ့ပါတယ်။

ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက ဒီရန်ပွဲဟာ ကျွဲကျောင်းသားလူငယ်တွေဘက် က စတင်ဆဲဆိုပြီး လောက်လေးခွနဲ့ ပစ်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ရတာလို့ ပြောသလို၊ ရွာသားတွေဘက်က လည်း ကျောင်းသားအရွယ်လူငယ်တွေကို USDP ပါတီဝင်တွေဘက်က ရန်စလို့ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ပြော ကြပါတယ်။

အခင်းဖြစ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ NLD ထောက်ခံသူ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်ရွှေတိုးရဲ့ ဘကြီး သစ်ရာကုန်းရွာသား ဦးကျော်ဝင်းက မနေ့က ရန်ပွဲမှာ သူ့မြေးဖြစ်သူ ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ရှင်းပြပါတယ်။

"ရှေ့ကိုသွားတဲ့ကားက နောက်ပြန်ဆုတ်လာပြီးတော့မှ ကားပေါ်က လူ  ၂၀၊ ၂၅ လောက်က ဆင်းလာပြီး တော့မှ ဝိုင်းထိုးကြတာ၊ ဝိုင်းထိုးကြတော့ လက်တွေနဲ့ကာရတာပေါ့လေ၊ ခေါင်းကိုလည်း ထိုးမိတာ ထိုးမိပေါ့၊ အဲဒီမှာ တစ်ယောက်သောသူက တုတ်နဲ့ လာရိုက်လိုက်တော့ ခေါင်းကိုရိုက်တာကို ဒီလက်ခံလိုက်တော့ ကျနော့်မြေး ဘယ်ဘက်လက် တံတောင်ဆစ်နားမှာ ပေါက်သွားတယ်၊ လက်ကတော့ နောက်ထပ်အမျိုး သမီးတွေကလည်း ဖိနပ်တွေနဲ့ရိုက် ဘာတွေနဲ့ရိုက်ပေါ့၊ အဲဒီလို ရိုက်တုန်းမှာ ကုန်းထပြီးတော့မှ သူက ကျွဲ ကျောင်းတာဆိုတော့ မျှော့( လောက်လေးခွ )တွေပါတယ်လေ။ အဲဒီမျှော့တွေပစ်တော့ လူတစ်ယောက်ကို ခါးကိုမှန်သွားတယ်။"

အဲဒီလူငယ်လေးဦးထဲမှာ  မောင်ရွှေတိုးဟာ ခိုက်ရန်ဖြစ်ချိန်မှာ NLD အမှတ်တံဆိပ်ပါ အနီရောင်တီရှပ် ဝတ်ဆင်ထားခဲ့ပါတယ်။

လူငယ်လေးဦးထဲက တစ်ဦးက သူ့ရဲ့မိဘတွေကို ဖုန်းနဲ့ဆက်သွယ်ခဲ့တဲ့အတွက်၊  ရွာသား ၄၀ လောက် လိုက်သွားခဲ့ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ လူအုပ်ကွဲသွားခဲ့တယ်လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

မောင်ရွှေတိုးကတော့ တုတ်နဲ့ အရိုက်ခံရတဲ့အတွက် တံတောင်ဆစ်အထက်နားမှာ ထိခိုက်ဒဏ်ရာရခဲ့လို့ ကုတင် ၃၀၀ ဆေးရုံမှာ ဆေးမှတ်တမ်းရိုက်ပြီး ကုသမူခံခဲ့ရတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လူအုပ်နဲ့ ဝိုင်းဝန်းရန်ပြုခဲ့တဲ့အတွက်  မိဘတွေဘက်ကလည်း ရဲစခန်းမှာ ဒီနေ့ အမှုဖွင့်မယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

လူငယ် လေးဦးဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ ကတော့ “မနေ့က မဲဆွယ်ရေးကားပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင် ကိုယ်တိုင်ပါဝင်ပြီး၊ တချို့တွေ စွပ်စွဲနေသလို လူငယ် လေးဦးကို USDP ပါတီဝင်တွေက စတင်ထိုးကြိတ်တယ်ဆိုတာ မမှန်ဘူး” လို့  ငြင်းဆိုပါတယ်။

"သွားနေတာ စည်းရုံးရေး ခရီးစဉ်လေ၊ အဲဒါကို လမ်းဘေးမှာ အနီရောင်ဝတ်ထားတိုင်း ကားတွေကို ရပ်ပြီး တော့ ဆင်းပြီး ရန်စမယ် လက်သီးနဲ့ ဝိုင်းထိုးမယ်ဆိုတာတဲ့ကိစ္စက ဘယ်လိုနည်းနဲ့မှ ဖြစ်စရာအကြောင်းမရှိဘူး၊ နောက်ပြီး ကျမတို့ ယာဉ်တန်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အရွေးခံမယ့် ဦးဝေလွင် ကိုယ်တိုင် ပါတယ်၊ အားလုံး လူကြီးတွ ကြီးကြပ်ပြီးတော့ ကျမတို့ သွားကြတယ်၊ ကားတိုင်း ကားတိုင်းမှာ ယာဉ်တန်း တာဝန်ရှိသူတွေ၊ ကားတာဝန်ရှိသူ စောင့်ကြည့်သူတွေပါတယ်၊ အဲဒီတော့ ဒီလိုမျိုးထိန်းကြောင်းနေတဲ့ ကြား ထဲက ဟိုဘက်ကနေပြီး စတင်ရန်ပြုလို့လာ ဒီဘက်ကလည်း ခေါင်းငုံ့မခံချင်လို့ ပြန်ပြီးတာ့၊ ဒါတောင်မှ ဘာမှတိုက်ခိုက်တာ မဟုတ်မဟုတ်ပဲနဲ့ ရိုးရိုးတန်းတန်း စကားပြန်ပြီးတော့  မေးတဲ့အနေအထားမျိုးမှာ သူတို့ဘက်က လောက်လေးနဲ့ စပစ်တာ"

လူငယ် လေးဦးက ဖုန်းဆက်ခေါ်လို့ လိုက်လာတဲ့ ရွာသား ၁၀၀ ဝန်းကျင်ရဲ့လက်မှာ တုတ်တွေ၊  ဓားတွေလည်း ပါလာပြီး၊ ဝန်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် သုံးဦး ဆေးရုံမှာ ကုသမှုခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့က ပါတီဝင်တွေ ရန်ပြုခံရတဲ့ကိစ္စကို ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အမှုဖွင့်ထားတယ်လို့လည်း  ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျည်တောင်ကန်ရဲစခန်းက တာဝန်ရှိသူ စခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ “ပုဗ္ဗသီရီမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေဘက်က  ရဲစခန်းမှာ တရားလိုအနေနဲ့ အမှုဖွင့်ထားတာ မှန်တယ်၊  ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်လို့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

မနေ့က ရန်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေရဲ့ ဆိုင်ကယ် သုံးစီးနဲ့ မဲဆွယ်စည်းရုံးရေး သီချင်းဖွင့်တဲ့ ဆောင်း ဘောက်တချို့လည်း ပျက်စီးခဲ့ပြီး၊ ရန်ပွဲဖြစ်ပွားတဲ့နေရာကို NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမောင်မောင်ဆွေနဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတွေ၊ ရဲစခန်းက တာဝန်ရှိသူတွေ ရောက်လာပြီး ဖျန်ဖြေခဲ့ရတယ်လို့ သိရပါတယ်။

ပုဗ္ဗသီရီမြို့နယ် ကဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်သစ်(ခေါ် ) မောင်ရည်မွန်ကတော့ ရဲတပ်ဖွဲ့အနေနဲ့  အမှုမှန်ကို အမြန်ဆုံး  ဖော်ထုတ်ပေးမယ်လို့ ယူဆကြောင်းပြောပါတယ်။

"ကျနော်တို့ ရဲတပ်ဖွဲ့ဆီက သိရလောက်က မနေ့က ရွာမှာ ကျန်နေခဲ့တဲ့တစ်ယောက်ဆိုရင် အရက်သေစာ သောက်စားထားတယ်၊ ပြီးရင်သူတို့ဆီမှာ တုတ်၊ ဓား စတဲ့ လက်နက်ကိရိယာတွေပါ တခါထဲပါလာတယ်ဆိုတဲ့ ဟာမျိုးတွေ ယာဉ်တန်းမှာ ဒါတွေကို ကျနော်တို့ ကြားနေရတယ်ပေါ့၊ ဒါကတော့ ခုချိန်ထိ ကျေးရွာကို မေးမြန်း ကြည့်သလောက် သိရတဲ့အချက်တွေပေါ့၊ အဲတော့ ကျနော်တို့လည်း ဒါကို စောင့်ကြည့်နေတယ်ပေါ့ဗျာ၊ ရဲတပ်ဖွဲ့ကတော့ အမှုမှန်ပေါ်အောင် မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ဒါပေမဲ့ တချို့တွေ စွပ်စွဲနေသလို ဒီရန်ပွဲဟာ NLD ပါတီ နဲ့ မသက်ဆိုင်ဘဲ လူငယ် လေးဦးကို စတင်တိုက်ခိုက်ရာ ကနေ ရွာသားတွေ ပါဝင်လာတာလို့ ပြောပါတယ်။

USDP က ဒေါ်ယဉ်မင်းမြင့်ဆွေ ကတော့ နောက်ပိုင်းမှာ “ ခိုက်ရန်ဖြစ်ပွားမှုတွေကို ရှောင်ဖို့အပြင်၊ ကပ်ရောဂါ ကာလ မဲဆွယ်စည်းရုံးပွဲတွေမှာ လူအုပ်စုနဲ့ လှည့်လည်တာမျိုး မဖြစ်စေဖို့၊ မဲဆွယ်မယ့် ကိုယ်စားလှယ်လောင်း ရဲ့ကား အပါအဝင်  ယာဉ်အနည်းငယ်နဲ့သာသွားလာဖို့ စီစဉ်နေတယ်” လို့ ပြောပါတယ်။

နေပြည်တော် ပုဗ္ဗသီရီမြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်အားလုံး အနိုင်ရခဲ့တဲ့ နေရာဖြစ်ပြီး၊ အဲဒီအချိန်ကလည်း ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ကာကွယ်‌ရေး ဝန်ကြီးဟောင်း ဦးဝေလွင်နဲ့ NLD ဘက်က ဦးတင်သစ် (ခေါ် ) မောင်ရည်မွန်တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။