ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း


2013.06.22
usdp-youth-conference-305.jpg နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ မေလ ၂ ရက်နေ့ကကျင်းပတဲ့ ပါတီလူငယ်တွေ့ဆုံပွဲကို တွေ့ရစဉ်
photo: RFA/ Win Naung Toe

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖြစ် ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေး ကို နေပြည်တော်မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ဇွန်လ ၂၂ ရက်နေ့စပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာပါတဲ့ ဝန်ကြီးတာဝန်ယူထားသူတွေကို ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တွေအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ အစည်းအဝေးမှာ ချပြခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း စတဲ့ ဝန်ကြီးတွေလည်းပါသလို သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့လည်း ခေတ္တပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်ကနေ ရပ်ဆိုင်းခံရတဲ့အထဲ ပါနေတာပါ။

ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့အမေရိကန် ခရီးစဉ်အတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့ ပါတီအစည်းအဝေးမှာ ပြန်လည်ရှင်းပြဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးမှာ PR စနစ်လို့ ပြောနေကြတဲ့  အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (Proportional Representation) စနစ်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေး ကျင်းပနေစဉ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေ ဝင်ရောက်သတင်းယူခွင့် ခွင့်မပြုပဲ လာမယ့်တနင်္လာနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။