USDP ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်း လွှတ်တော်မှာတင်သွင်း


2019.08.15
maungthin-usdp-622.JPG ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်း ကို ၂၀၁၉ သြဂုတ် ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို အဖွဲ့ဝင် ၄၅ ဦးပါ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ တပေါင်း တည်းဆွေးနွေးဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချထားတဲ့ ပုဒ်မ လေးခုပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ပြီးခဲ့တဲ့ မေလကုန်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်းက တင်သွင်းထားပြီး ဒီကနေ့မှာ အစီရင်ခံစာတင်သွင်းလိုက်တာပါ။

ပူးပေါင်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဥပဒေရေးထုံးနဲ့မညီညွတ်လို့ လွှတ်တော်က လက်ခံဆွေးနွေးဖို့ မသင့်တဲ့အကြောင်း သဘောထားမှတ်ချက်ပြု ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ဒေါက်တာမောင်သင်းရဲ့ တင်သွင်းထားတာဟာ ဥပဒေကြမ်းအဆင့်ရောက်နေပြီဖြစ်လို့ သပ်သပ်စီဆွေးနွေးဖို့ အကြံပြုတယ်လို့ ပြောပါတယ်။

အဲဒီဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ် ၁ဝ၅ ဦး၊ အရပ်သားကိုယ်စားလှယ်အယောက် ၄ဝ တို့က လက်မှတ်ရေးထိုး တင်ပြထားတာ ဖြစ်ပါတယ်။

ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပူးပေါင်းကော်မတီဟာ ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတအနေနဲ့ ပုဒ်မ ၂၄၈ (ဂ)အရ ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရင် “တိုင်းနဲ့ဲပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်” ဆိုတဲ့စာသား ထည့်သွင်းဖို့၊ ပုဒ်မ ၂၆၄ အရ တာဝန်မကျေပွန်တဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ရာထူး ကနုတ်ထွက်ဖို့ ညွှန်ကြားရာမှာ “ဖွဲ့စည်းပုံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ပျက်ကွက်ခြင်း” ဆိုတဲ့ စာသားထည့်သွင်းဖို့ ပါဝင်ပါတယ်။

ဒီလိုပုဒ်မတွေပြင်ဆင်ဖို့ တင်သွင်းတာဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတာနဲ့လည်း ဆက်စပ်တယ်လို့ ဒေါက်တာမောင်သင်း က ပြောဆိုထားပါတယ်။

ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၃၂၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့လုပ်ပိုင်ခွင့်မှာ လွှတ်တော်နဲ့ ပြည်ထောင်စုအဆင့်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် ဖွဲ့စည်းပုံနဲ့ညီမညီ စိစစ်ဖို့ ဆိုတဲ့အချက်ကို ဖြည့်စွက်ဖို့လည်း မူကြမ်းမှာ ပါဝင်ပါတယ်။

အလားတူပဲ အခြေခံဥပဒေပုဒ်မ ၄ဝ၂ မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ် ဆိုတဲ့ စကားရပ်အစား ပြည်ထောင်စုလွှတ်တော်ကို အယူခံပိုင်ခွင့်ရှိတယ်လို့ မူကြမ်းမှာ ထပ်တိုးထားတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။