ဝန်ကြီးတွေကို ခိုင်းမရဘူးလို့ ပြောဆိုမှု ပြည်ခိုင်ဖြိုးပါတီ ဝေဖန်


2018.06.29
usdp-press-622.jpg ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေ ၂၀၁၈ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thant Zin Oo/RFA

နိုင်ငံတော်သမ္မတနဲ့ အစိုးရတာဝန်ရှိသူတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းတင်သွင်းတဲ့ ဝန်ကြီးတွေကို ခိုင်းမရဘူးလို့ ပြောတာဟာ ညံ့ဖျင်းလို့၊ အတွေ့အကြုံမရှိလို့သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့၊ သံလွင်လမ်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ USDP ပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒလှမြင့်က အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ပြောကြားချက်ကို အခုလို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတကို ဒီဝန်ကြီးတွေက တာဝန်ခံရတယ်၊ နိုင်ငံတော်သမ္မတ တာဝန်ပေးတာကို ဒီဝန်ကြီးတွေကလုပ်ရတယ်၊ တပ်ချုပ်တာဝန်ပေးတာကို လုပ်ရတာမဟုတ်ဘူး၊ တပ်ချုပ်က အမည်စာရင်းပဲ တင်သွင်းရတာ အဲတာကိုကွဲကွဲပြားပြာသိဖို့လိုတယ်၊ အဲတာကိုလုံးချပြီးတော့မှ ဒီကနေ့ တာဝန်ရှိတဲ့သူတွေကိုယ်တိုင်ကိုက ပွင့်ပွင်းလင်းလင်းပြောရရင် ဒီလူတွေကို ခိုင်းလို့မရပါဘူးဆိုတာ ကိုယ်ညံ့လို့ပဲ၊ ကိုယ့်တာဝန်ကို ကိုယ်မသိလို့ပဲ၊ အတွေ့အကြုံမရှိလို့ပဲ၊ ကျနော်တော့ဒီလိုပဲပြောချင်တယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရုံသာ တင်သွင်းတာဖြစ်ပြီး နိုင်ငံတော်သမ္မတ အဲဒီသူကို မကြိုက်နှစ်သက်ရင် ပြန်လဲပေးဖို့ တောင်းဆိုခွင့်ရှိသလို ဖြုတ်ပိုင်ခွင့်လဲရှိတဲ့အတွက် ဝန်ကြီးတွေအားလုံးဟာ သမ္မတရဲ့လက်အောက်မှာပဲရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တပ်မတော်နဲ့ အခြားဌာနဆိုင်ရာအဖွဲ့တွေအစည်းတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ရတာဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတချို့က ဝေဖန်နေကြသလို တာဝန်မရှိကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရတစ်ဦးဖြစ်သူ ဦးလှဌေးက ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ်မှာ နိုင်ငံခြားသားတစ်ယောက် ထည့်သွင်းမယ်ဆိုတဲ့ကိစ္စကိုလည်း ကန့်ကွယ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ မရှိနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်နေ့မှာ ကြေညာသွားမယ်လို့လည်း ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။