တပ်ပါဝင်မှုနှုန်း တိုးမြှင့်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဆွေးနွေး


2019.07.30
military-representatives-622.jpg ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA
လွှတ်တော်တွင်းမှာ တပ်မတော်သားပါဝင်မှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်တယ် လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၇ ဦးက စတင်ဆွေးနွေးရာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက တိုက်တွန်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာ လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီက လွှတ်တော်တွင်းက တပ်မတော်သားပါဝင်မှုကို ရာခိုင်နှုန်းအလိုက်လျှော့ချဖို့ အဆိုပြုထားပြီး ရခိုင်အမျိုးသားပါတီအပါအဝင် ပါတီတချို့ကတော့ လုံးဝမပါဝင်ဖို့ အဆိုပြုထားတာရှိပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ လွှတ်တော်တွင်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေလျှော့ချဖို့ မဖြစ်နိုင်ကြောင်း၊ လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်ကြောင်း တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

ဒီအစီရင်ခံစာကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၇၈ ဦးအပါအဝင် ကိုယ်စားလှယ် ၁၀၀ ကျော်က ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးထားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေက မဆွေးနွေးတော့ဘူးဆိုပြီး ရုပ်သိမ်းသွားတဲ့အတွက် ကိုယ်စားလှယ် ၄၇ ယောက်ကသာ ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ပါဝင်ဆွေးနွေးခြင်းမရှိတော့တဲ့ အကြောင်းအရင်းကို တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်မှူးချုပ်မောင်မောင်က အတိအကျ ဖြေကြားတာမရှိပါဘူး။

ဒီနေ့အစည်းအဝေး အစီအစဉ်မှာတော့ ကိုယ်စားလှယ် ၂၁ ဦး စတင်ဆွေးနွေးဖို့ လျာထားပေမယ့် ၁၇ ဦးသာ ဆွေးနွေးနိုင်ခဲ့ပြီး ကျန်တဲ့ကိုယ်စားလှယ်တွေက နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

အစီရင်ခံစာဟာ ဖွဲ့စည်းပုံပါ အခန်း ၁၂ နဲ့ မညီညွတ်ဘူးဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးပေမယ့် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အချို့ကတော့ ဖွဲ့စည်းပုံပြင် ဆင်ရေးကို ထောက်ခံဆွေးနွေးကြတာတွေ့ရပါတယ်။

ဒီနေ့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၀ ဦး၊ အင်န်အယ်လ်ဒီပါတီက တစ်ဦး၊ SNLD ပါတီက နှစ်ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ် နှစ်ဦး အပါအဝင် ကိုယ်စားလှယ် ၁၇ ဦးက စတင်ဆွေးနွေးတာပါ။

ဒီနေ့ဆွေးနွေးရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းဖြစ်အောင် လုပ်နေတာလား၊ တမင်သက်သက် လုပ်နေတာလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးချက်အပေါ် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အဲဒီလိုဆွေးနွေးချက်ဟာ အဖွဲ့အစည်းအချင်းချင်း စွပ်စွဲသလိုဖြစ်နေပြီး လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဲဒီစကားရပ်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ အတည်ပြုလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီ၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် ကတော့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အချက်အလက်ပေါင်း ၃၀၀၀ ကျော် တင်သွင်းထားတာဟာ အသစ်ရေးသလိုဖြစ်နေတယ်ဆိုပြီး အစီရင်ခံစာကို ကန့်ကွက်ဆွေးနွေးပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေကြား ညှိနှိုင်းဆွေးနွေးပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ကိုလည်း ဦးဘရှိန် က တိုက်တွန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချက်ပေါင်း ၃၇၆၅ ချက်ပါဝင်တဲ့အထဲက ရခိုင်အမျိုးသားပါတီဟာ အချက်ပေါင်း ၈၅၈ ချက် တင်သွင်းထားပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပယ်ဖျက်ဖို့နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်မှာ မပါဝင်တော့ဖို့ အဆိုပြုထားတာလည်းဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာ အချက်ပေါင်း အများဆုံးတင်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင် က ပြည်နယ်အုပ်ချုပ်ခွင့်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ အစီရင်ခံစာမှာ အချက်ပေါင်း ၁၁၁၂ ချက်နဲ့ အများဆုံး တင်ပြထားတဲ့ပါတီလည်းဖြစ်ပါတယ်။

NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်းကလွဲလို့ ကျန်တဲ့ ကဏ္ဍအကုန်လုံးမှာ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ဖို့ တင်သွင်းထားတာဖြစ်ပါတယ်။

ကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးဖို့ကျန်ရှိတဲ့ကိုယ်စားလှယ်တွေဟာ လာမယ့်အနီးဆုံး ပြည်ထောင်စုလွှတ်တော်မှာ ထပ်မံဆွေးနွေးကြမှာဖြစ်ပြီး နေ့ရက်အတိအကျကို မသိရသေးပါဘူး။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။