ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီ အဆိုတင်

သီဟထွန်း
2020.05.28

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးကဖယ်ရှားရေးအဆိုကို၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မိုင်းပျဉ်းမြို့နယ် အမတ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့တာဖြစ်ပြီး၊ အဲဒီအဆိုကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီအဆိုကို ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ စာရင်းပေးနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့ဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကို  ခွင့်ပြုပေးခဲ့တာ ဥပဒေနဲ့ မညီညွတ်ဘူးလို့  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကို စွပ်စွဲသွားပါတယ်။

"ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၆၆ ( က ) ပါ နည်းဥပဒေ စည်းကမ်းချက်နဲ့ မကိုက်ညီဘဲ အရေးကြီး အဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပေး ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးနဲ့ ဖွဲ့စည်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၃ ပါ ပြဌာန်းချက်နဲ့ ညီညွတ်မှု မရှိဘဲ ဆန့်ကျင်ပြီး နိဒါန်းမှ ဇယား ၅ အထိ ပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း"


ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးထဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ NUD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းတို့ ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို အကြောင်းအချက်တွေကြောင့် ခုချိန်ကျမှ လွှတ်တော်ကို တင်ပြတယ်ဆိုတာကိုတော့ မှတ်ချက် မပေးနိုင်သေးဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်ပြခဲ့ပေမယ့် သီးခြားဆွေးနွေးခွင့်မရတဲ့ကိစ္စ၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီမှာ ညှိုနှိုင်းဖို့အဆိုကို လွှတ်တော်က ခွင့်မပြုတဲ့ကိစ္စ၊ အိုင်စီဂျေက ကြားဖြတ် အမိန့်ချမှတ်တဲ့အပေါ် အစိုးရဆောင်ရွက်ချက်တွေ ပြည်သူကို ရှင်းလင်းဖို့အဆိုကို လွှတ်တော်က ခွင့်မပြုခဲ့တဲ့ကိစ္စတွေ အပါအဝင် ဒဿမတန်းသင်ရိုး၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာ လိင်စိတ်ကို နှိုးကြွစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တဲ့အတွက် ကန့်ကွက်တဲ့အဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုတဲ့ကိစ္စ စတဲ့အချက်ပေါင်းများစွာ ပါဝင်ပါတယ်။

၂၀၁၉ ဇွန်လ ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော်အမတ် အာရှရေးရာဆပ်ကော်မတီဥက္ကဋ္ဌ Mr. Brandley Sherman က ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လွှဲပြောင်းပေးသင့်တယ်ဆိုတဲ့ စကားပါဝင်ခဲ့တာကို ကန့်ကွက်တဲ့ အရေးကြီးအဆိုကို လွှတ်တော်က ခွင့်မပြုခဲ့ ဘူးဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဦးဆောင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် ကတော့  ဒီစွပ်စွဲမှုမှာ ပါဝင်တဲ့ အချက်တွေဟာ မှန်ကန်မှုမရှိသလို၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့အချက်တွေ ပါဝင်ပြီး ပုံမှန်အတိုင်း လွှတ်တော်ရပ်နားတော့မယ့်အချိန်မှာ ကပ်ပြီးမှ  အခုလို အရေးကြီးအဆို တင်လာတာကို သံသယဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။

"ဒီအခြေအနေမျိုးမှာ လွှတ်တော်က တကယ်ဆို ပုံမှန်ပြီးရမယ့်အချိန်မှာ ကပ်ပြီးတော့ တင်လာတဲ့ အနေအထားမျိုးမှာ ရှိတယ်လေ။ နောက်တစ်ခုက ဘာခေါ်မတုန်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း သုံးသပ်လို့ ရနိုင်လောက်တဲ့ အနေအထားမျိုးတွေရှိတာပေါ့။ နောက်ပြီးတော့ တကယ်တမ်းကျတော့ ကိုယ်လိုသလိုမဖြစ်ရင် ကိုယ်လိုသလို မလုပ်ဘူးဆိုလို့ရှိရင် ဒါပြန်ပြီးတော့ ဒုက္ခပေး မယ်ဆိုတဲ့ ပုံစံမျိုးကလည်း သင့်လျော်လျှောက်ပတ်တဲ့ အစီအစဉ်တော့ မဟုတ်ဘူးလို့ သုံးသပ်တာပဲ။ ဆွေးနွေးပြီးတော့ သုံးပုံ နှစ်ပုံထောက်ခံမဲရမှ သူတို့ ဆက်ပြီးတော့ ဆောင်ရွက်လို့ရမယ်။ သူတို့ရှိတဲ့ အင်အားနဲ့ဆိုရင် တမင်ကိုလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ"

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်တဲ့ ဦးတီခွန်မြတ်အနေနဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ ပြဌာန်းချက်တွေအတိုင်း လွှတ်တော်ကို ထိန်းကြောင်းခဲ့တယ်လို့ ယူဆကြောင်းလည်း ဦးအောင်ကြည်ညွှန့် က ဆက်ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာကို ဥပဒေနဲ့မညီလို့ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး တင်စဉ်ကလည်း ကြံံ့ခိုင်ရေးပါတီဘက်က ရှုံးနိမ့်ခဲ့ပြီးပြီလို့ သူက ဝေဖန်ပါတယ်။

လာမယ့် ဇွန်လ ၁ ရက်နေ့  ဆက်လက်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ  ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းမယ့်အဆိုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိပြီး၊ အရေးယူဆောင်ရွက်ဖို့ သင့် မသင့်ကို စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေးရမှာ ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေ ရပ်ဆိုင်းဖို့အဆို အောင်မြင်ဖို့ဆိုရင် ကိုယ်စားလှယ်စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲရမှသာ အောင်မြင်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၃၀ ဝန်းကျင်ရှိပြီး NLD ပါတီက ၂၅၀ ဦး၊ ကြံ့ခိုင်ရေးပါတီက ၂၉ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး ရှိတဲ့အတွက် အဲဒီအဆိုအောင်မြင်ဖို့ အလားအလာနည်းပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကတော့၊ ကြံံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး အရေးကြီး အဆိုတင်လာတဲ့ အပေါ် သူ့အမြင်ကို ပြောပါတယ်။

"သူက စကတည်းကိုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်လာကတည်းကိုက မကျေနပ်ချက်တွေ အများကြီးရှိတာကို၊ သူမကြိုက်တဲ့ သူကန့်ကွက်တဲ့ ပြောခဲ့တဲ့ ကိစ္စရပ်တွေက ဖြစ်မလာတဲ့ဟာတွေက အများကြီးရှိတယ်လေ။ နောက်ပြီးတော့ အဆိုတွေတင်တဲ့နေရာမှာ အဆိုတွေကို ပယ်ချတယ်။ မေးခွန်းတွေ တင်တာကို ပယ်ချခံရတယ်။ ဒီလိုကိစ္စကို သူကတော့ စွပ်စွဲ ပြောဆိုသွားတာပေါ့။ ဒါပေမဲ့ အဆိုတွေကို လက်ခံမယ် မခံဘူး၊ မေးခွန်းတွေ လက်ခံမယ် လက်မခံဘူးဆိုတာက လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတယ်။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အနေနဲ့တော့ ဒီကိစ္စမှာ ကြားနေမဲပေးဖို့ များပါတယ်လို့ ဆိုပါတယ်။

လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် OMI က ဦးအေးကျော် ကတော့ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေ ရုပ်သိမ်းဖို့ ဆွေးနွေးကြတယ်ဆိုတဲ့ အသံသာထွက်ပြီး ဒီအတိုင်း ပြီးသွားမယ် လို့ပဲ သုံးသပ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်တွေအရ လွှတ်တော်ဥက္ကဋ္ဌ ဒါမှမဟုတ် ဒုတိယဥက္ကဋ္ဌ ဒါမှမဟုတ် နှစ်ဦး စလုံးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကို ကျူးလွန်ရင် သတ်မှတ်တဲ့နည်းလမ်းနဲ့အညီ တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။

အရေးကြီးအဆိုကို ထောက်ခံတဲ့ ကိုယ်စားလှယ် သုံးပုံ နှစ်ပုံရှိရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ သင့်လျော်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ကို ဒုတိယ ဥက္ကဋ္ဌက ဖွဲ့စည်းပေးရမှာဖြစ်ပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေးတဲ့ အခါ ဥက္ကဋ္ဌ  ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ခုခံချေပနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အဆိုဟာ မမှန်ကန်ကြောင်းတင်ပြနိုင်ရင် ဆက်လက်ဆောင်ရွက်ဖို့ မရှိဘူးလို့ ဒုတိယဥက္ကဋ္ဌက ကြေညာရမှာဖြစ်ပြီး အရေးယူသင့်ကြောင်း တင်ပြချက်ဖြစ်ရင် စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်မဲကို ထပ်မံပေးရပါမယ်။

လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံက ထောက်ခံရင် ဥက္ကဋ္ဌ တာဝန်ကနေ ရုပ်သိမ်းရေးကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး၊ ထောက်ခံသူ သုံးပုံနှစ်ပုံမပြည့်ရင်တော့ အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ် အများစုရှိတဲ့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူပါ။

အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွေမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်တာတွေကို တွေ့ခဲ့ရပြီး ဦးတီခွန်မြတ်ကလည်း သတိပေးတားမြစ်ရတာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။