ကြံ့ခိုင်ရေးပါတီ ဥက္ကဌ သမ္မတနဲ့ တေ့ွခွင့်တောင်းထား


2018.01.15
thanhtay-usdp-622.jpg ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကို ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

လက်ရှိပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တေ့ွခွင့်တောင်းထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး က ဒီနေ့ ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဦးသန်းဌေးက အတိုက်အခံပါတီ ခေါင်းဆောင် တစ်ယောက်အနေနဲ့ နှုတ်ဆိတ်မနေဘဲ ပြောစရာရှိတာတွေကိုပြောနိုင်ဖို့ တွေ့ခွင့်တောင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

"လောလောဆယ်တက်နေတဲ့ ဆန်ဈေး၊ ဆီးဈေး၊ ကြက်သွန်ဈေးကျအောင် အစိုးရအနေနဲ့ ဘယ်လိုလုပ်မတုန်း၊ ဒီနေ့ ပြည်သူလူထုအတွက် ခုနကပြောတဲ့လုံခြုံမှုတွေ ပိုပြီးစိတ်ချယုံကြည်ရအောင် ခင်ဗျားတို့ဘယ်လိုလုပ်ပေး မှာလဲ၊ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ နောက်ကြောင်းအေးအောင် ရှေ့ပြေးစိတ်အေးရအောင် ဘယ်လိုလုပ်မှာတုန်း၊ ဒီနေ့တိုင်းရင်းသားတွေ စိတ်ပူနေရတဲ့ ရိုဟင်ဂျာဆိုတဲ့ကိစ္စ အရင်အစိုးရတွေပြောသလို ခင်ဗျားတို့ မရှိဘူးလို့ပြောပါလား၊ ပြောဖို့ရောအစီအစဉ်ရှိမလား၊ ကျနော်မေးခွန်းတွေထုတ်ခဲ့မယ်၊ ဒီနေ့ ဒီအစည်းအဝေးမှာ ခင်ဗျားတို့က ဒီအဆင်မပြေတာတွေကို မပြောပေမဲ့ ကျနော်ကသိနေတယ်၊ သိတဲ့အတွက် လည်းပဲ ကျနော်အတိုက်အခံပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နှုတ်ဆိတ်မနေဘူး၊ ကျနော်ပြောသင့် တာပြောမယ်၊ အစိုးရကိုမေးခွန်းထုတ်သင့်တာထုတ်မယ်၊ ဒီထက်အဆင့်မြင့်မြင့်ပြောချင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးကို တွေ့ပါရစေလို့ ကျနော်ခွင့်တောင်းထားတယ်"

ပြည်သူတွေမှာ ကုန်ဈေးနှုန်းတက်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ ပြည်သူတွေလုံခြုံစွာ နေထိုင်ခွင့် ကိုးကွယ်ခွင့်မရတာတွေ ခံစားနေရတယ်လို့ ဦးသန်းဌေး က ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေကို စစ်ထွက်တွေ၊ သူခိုးတွေလို ပြောတာတွေဟာ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ဝေဖန်မှုတွေဖြစ်ပြီး ဂရုမစိုက်ကြောင်း ဦးသန်းဌေးက ပြောပါတယ်။

သူတို့အနေနဲ့ အာဏာကို မရဖူးလို့ လိုချင်တာမဟုတ်ဘဲ ပြည်သူတွေအကျိုးကို ဆောင်ရွက်ချင်တာကြောင့်  လိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်သူတွေဟာ ညံ့တဲ့လူတွေမဟုတ်ဘဲ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုရွေးရမယ်ဆိုတာ နားလည်နေကြပြီလို့လည်း ပြောပါတယ်။

ဦးသန်းဌေးဟာ မနက်ဖြန်မှာလည်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။