NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ မိမိတို့ဟာ လွှတ်တော်မှာ မိတ်ဆွေကောင်းတွေဖြစ်ကြသလို လာမယ့်ရွေးကောက်ပွဲ မှာ အကြိတ်အနယ်ပြိုင်ဆိုင်ကြမယ့် ယှဉ်ပြိုင်ဘက်တွေ လည်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌဖြစ်သူ သူရဦးရွှေမန်း က ပြောကြား လိုက်ပါတယ်။
NLD ပါတီနဲ့ USDP ပါတီခေါင်းဆောင်နှစ်ဦးအကြား အထူးကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်၂ဝ၁၅ ရွေးကောက်ပွဲအပြီး ညွန့်ပေါင်း အစိုးရဖွဲ့နိုင်ချေ အလားအလားရှိ၊မရှိ ဝါရှင်တန်ဒီစီ မြို့တော်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနား တစ်ခု အတွင်း မေးမြန်းချက်ကို သူရဦးရွှေမန်းက အခုလို ဖြေ ကြားသွားတာပါ။
"NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်ဟာ မိတ်ကောင်းဆွေကောင်းဖြစ်သလို တဘက်ကပြိုင်ဆိုင်မှုကောင်းကြမယ့် ပြိုင်ဆိုင်မှုကြီးကြမယ့် သူများပဲဖြစ်ကြပါတယ်၊ ရွေးကောက်ပွဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်ဖြေကြားချင်တာကတော့ နိုင်ငံအတွက် အများပြည်သူအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော မနက်ဖြန်ရော အနာဂတ်အတွက်ရော ပူးပေါင်းဆောက်ရွက်ဖို့ အသင့်ရှိပါတယ်"
အကယ်၍ ၂ဝ၁၅ ရွေးကောက်ပွဲရလာဒ်ကို စစ်တပ်ကသဘောမတူခဲ့ဘူးဆိုရင် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလို NLD ပါတီအနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလာဒ် တရားမဝင်ပျက်ပြယ်ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကြခဲ့တဲ့ အခြေအနေမျိုးတွေ အခု ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ ကြုံတွေ့ရနိုင်ချေရှိ၊ မရှိ မေးမြန်းချက်ကိုတော့ သူရဦးရွှေမန်းက လွှတ်တော်အနေနဲ့ ပြည်သူ့ဆန္ဒအတိုင်းအတည်ပြုနိုင်ဖို့ အာမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
"အများပြည်သူတွေစိုးရိမ်သလို စိုးရိမ်မှုရှိတာနဲ့ပတ်သက်လို့တော့ ကျနော်အနေနဲ့ မစိုးရိမ်ပါနဲ့လို့တော့ မပြောချင်ပါဘူး ဒါပေမဲ့ ကျနော်တို့ လွှတ်တော်အနေနဲ့တော့ အခု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲရဲ့ ရလာဒ်ကို အသိအမှတ်ပြုရမယ် အတည်ပြုပေးရမယ်၊ ဒီလိုအဆိုပြုထားပါတယ်၊ ပြည်သူရဲ့ဆန္ဒကို ကျနော်တို့အလေးထားရမယ်၊ ပြည်သူရဲ့ရွေးချယ်မှုကို ကျနော်တို့ အတည်ပြုပေးရမယ်၊ ဒါမှပြည်သူ့ ရဲ့လိုအပ်ချက်ကို ကျနော်တို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်၊ ဒီမိုကရေစီဆိုတဲ့စနစ်ကလည်း ပြည်သူ များရဲ့ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ စနစ်ဖြစ်တယ်လို့ယူဆတယ်ဆိုရင် ဒီဟာကို ကျနော်တို့ ပြည်သူရွေးချယ်မှုကို လက်ကိုလက်ခံရမှာဖြစ်ပါတယ်"
လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကိစ္စတွေကို ရွေးကောက်ပွဲမတိုင်မီ နဲ့ ရွေးကောက်ပွဲကာလအတွင်း ပြီးပြတ်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းကိုလည်း သူရ ဦးရွှေမန်းက အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"ဖွဲ့စည်ပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်းမှာ ပြီးမြောက်အောင်လုပ်မယ်ဆိုပြီး ကျနော်တို့ ရည်မှန်းချက် ထားပြီး ကြိုးစားခဲ့ပါတယ်၊ အခု ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပဆဲကာလဖြစ်ပါတယ်၊ ကျနော်တို့ နှစ်သစ်ကူးသြင်္ကန် ရုံးပိတ်ရက်နဲ့ဆက်စပ်ပြီးတော့ လွှတ်တော်ခဏရပ်နားထားတာပါ၊ ဒါကြောင့်လွှတ်တော် ဆက်ပြီးကျင်းပတဲ့အချိန်မှာ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆက်လက် ပြီး ကျနော်တို့ ကြိုးစားဆောင်ရွက်ပါမယ်၊ ပြီးတာနဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ကိစ္စများ ဖွဲ့စည်ပုံအခြေခံဥပဒေ ၄၃၆(ခ)နဲ့ ဆိုင်တဲ့ကိစ္စများကိုတော့ လွှတ်တော်အတွင်းမှာ ဆက်လက်ဆောင်ရွက် သွားပြီး တကယ်လို့များ ၄၃၆ (က) များ ပါလာလို့ရှိရင်တော့ အမျိုးသား ဆန္ဒခံပွဲဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီနဲ့ အလွန်ဆုံး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်"
၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူရဦးရွှေမန်းနဲ့ ဆွေးနွေးပြောဆိုခြင်း ခေါင်းစဉ်နဲ့ Carnegie Endowwment for International Peace အဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲ့ဒီအခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူ ပရိသက် ၁ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်နဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက်ရှိနေ တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မစ်ချ်မက်ကောနယ်၊ နန်စီပလိုစီ စတဲ့ လွှတ်တော်ရေးရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ လာမယ့် တနင်္လာနေ့မှာလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Bliken နဲ့ တွေ့ဆုံဖို့ရှိပါတယ်။