လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေ ကို ဂရုမစိုက်ဖို့ သူရဦးရွှေမန်းပြော


2013.06.27
Share on WhatsApp
Share on WhatsApp
ushweman-305.jpeg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမြင်ခြင်းမတူ သဘောထားကွဲလွဲနေတဲ့ ကောလ ဟာလ ပြောဆိုချက်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန် ကိုယ် အလေးအနက်ထား ဆောင်ရွက်သွားဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောပါတယ်။

"အမြင်ခြင်းမတူဘူး၊ သဘောထားကွဲလွဲနေတယ် လို့ ဘေးမှာ ကောလဟာလ ပြောဆိုနေ တာတွေရှိတယ်၊ တကယ်တန်းကျတော့ လွှတ်တော်က လွှတ်တော်ရဲ့လုပ်ငန်းကို လုပ်ပါတယ်၊ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကို လုပ်ပါတယ်၊ အဲသလိုလုပ်တဲ့အခါမှာ အချင်းချင်းအပြန်အလှန် ထိန်းညှိဆောင်ရွက်နေခြင်း သာဖြစ်ပါတယ်၊ အဲလိုမှမလုပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာတွေကို ဆန့်ကျင်နေမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်း၊ မိမိတာဝန်ကို ပိုင်းခြားဆောင်ရွက်တဲ့နေရာမှာ ဒီလိုအခြေအနေမျိုးဟာ ဆက်လက်ပြီးဖြစ်ပေါ်နေမှာဖြစ်ပါတယ်၊ ဒါကိုသဘောထားကွဲလွဲတယ်၊ တဖက်နဲ့တဖက် ပဋိပက္ခဖြစ်တယ်ဆိုတဲ့ ဘေးပယောဂ ဘေးအမြင်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်မယ်ဆိုတဲ့အသိနဲ့ ဆောင်ရွက်သွားဖို့လိုကြောင်း လွှတ်တော်ကိုတင်ပြအပ်ပါတယ်"

ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်မှသာ တင်ဒါခေါ်ယူခြင်း ကိစ္စတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတဲ့အတွက် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေမှာ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရေးအတွက် ရွေးချယ်ခံရတဲ့ကုမ္ပဏီစာရင်းကို ကြာသပတေးနေ့မှာ ကြေညာဖို့စီစဉ်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အစိုးရရဲ့ ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်တဲ့အထိ ဆိုင်းငံ့ထားဖို့ အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးကို ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ပြီး ၊အစိုးရရဲ ့တင်ဒါခေါ်ယူပုံနဲ့ အကြောင်း ရှင်းလင်းခဲ့ရာမှာ လွှတ်တော်က လက်ခံလိုက်တဲ့အတွက် နော်ဝေနိုင်ငံ အခြေစိုက် Telenor Mobile နဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ကြောင်း တင်ဒါစိစစ် ရွေးချယ်ရေး အဖွဲ့က မူလသတ်မှတ်ခဲ့တဲ့အတိုင်းပဲ ကြာသပတေးနေ့ မနေ့က ကြေညာနိုင်ခဲ့ ပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဒုတိယဝန်ကြီး၊ တင်ဒါခေါ်ယူမှု ကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဦးဆက်အောင်ကလည်း တင်ဒါခေါ်တဲ့ကိစ္စဟာ နိုင်ငံရေး မဟုတ်ကြောင်း၊ မိမိတို့ဟာ ကုမ္ပဏီ အသေး အမွှားတွေနဲ့ ဆက်ဆံနေတာ မဟုတ်ဘဲ၊ ကမ္ဘာ့ အကောင်းတကာ့ အကောင်းဆုံး ထိပ်တန်း ကုမ္ပဏီကြီးတွေနဲ့ ဆက်ဆံနေရတာဖြစ်ကြောင်း၊ မိမိတို့ဘက်က နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်း ဖွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။