အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ်


2014.09.30
ushweman-305.jpg ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ ခုကို ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့ထားတဲ့ ရွေးကောက် ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာ မှာ ရွေးကောက်ပွဲစနစ် ၃ မျိုးသာ ရွေးချယ်ထားတဲ့ အတွက် အနည်းဆုံး ၇ မျိုး ရွေးချယ်တင်ပြဖို့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အစီရင်ခံစာကို လေ့လာရာမှာ ပြည်သူ့ကိုယ်စားလှယ် များက ပြည်သူ့ကိုယ်စား ရွေးချယ်နိုင်ရန်အတွက် စနစ် ၃ မျိုးကိုသာ တင်ပြထားသည်ကို တွေ့ရှိရပါတယ်၊ ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ရန် ယခုထက်ပိုသော အခွင့်အရေးပေးသင့်ပါတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက် ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်အနေဖြင့် ပြည်သူများနဲ့ ပြည်သူ့ကိုယ်စားလှယ်များ အတွက် ရွေးချယ်ရန်အတွက် နည်းလမ်းအနည်းဆုံး ၇ ခုကို ရွေးချယ်တင်ပြရန်နှင့် ၂၁ ရက် ၁ဝ လ ၂ဝ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် စီစဉ်ထားပြီးဖြစ်ကြောင်း လွှတ်တော်အား အသိပေးတင်ပြပါသည်"

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ ရွေးကောက်ပွဲစနစ်တွေနဲ့ ပတ်သက်ပြီး လေ့လာပြုစုထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၃၁ ဦး ပါဝင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထား တာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။