တပ်သားသစ်စုဆောင်းနေတယ်ဆိုတဲ့ တပ်သတင်းထုတ်ပြန်မှုကို UWSA စစ်ဆေး
2017.11.15
တိမ်းရှောင်ထွက်ပြေးလာသည့် မိသားစုဝင်များကို နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က အရွယ်မရောက်သေးတဲ့ ကလေးတွေကို တပ်သားသစ် အဖြစ် အဓမ္မစုဆောင်းနေတယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီနေ့ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက UWSA အနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းပြီး သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်။
"တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံးကနေပြီးတော့မှ ထုတ်ပြန်တဲ့ ဒီကလေးစစ်သား စုဆောင်းမှု လူတချို့ ထွက်ပြေးတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ စုံစမ်းနေဆဲပါ။ ကျနော်တို့ဆီက လူဟုတ် မဟုတ် ဆိုတာ ကျနော်တို့ ပြန်ပြီးမှ ထုတ်ပြန်ပါလိမ့်မယ်"
UWSA က ကလေးတွေကို တပ်သားသစ် စုဆောင်းတဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပေါက်မြို့နယ်ခွဲမှာရှိတဲ့ နမ့်ဆော်ကျေးရွာနဲ့ တုံဖကော်ကျေးရွာတွေက အာခါနဲ့ လားဟူ တိုင်းရင်းသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ကတည်းက နမ့်မော်ခမ်းရွာနဲ့ လေးအိမ်စုရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
UWSA ဟာ မြောက်ပိုင်းအခြေစိုက် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်းဖြစ်ပြီး NCA မဟုတ်တဲ့ အခြားနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။
တပ်မတော်အရာရှိတွေ ပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ UWSA တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကပဲ ပန်ဆန်းမြို့မှာ ဒေသဖွံ့ဖြိုးရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။









