၀ ခေါင်းဆောင် သစ် ရွေးကောက်ပွဲ ကျင်းပမည်


2017.01.15
pansang-622.jpeg ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP ဝပြည် သွေးစည်း ညီညွတ်ရေးပါတီမှာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဖြစ်လာတော့မယ်လို့ ရိုက်တာ သတင်းကဖေါ်ပြပါတယ်။

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအနေနဲ့ ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ အခုထိ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်လို့ သိရပါတယ်။ ၁၉၈၉ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ UWSP ပါတီရဲ့ လူကြီး ပိုင်း ခေါင်းဆောင်တွေ အနားယူကြတော့မှာဖြစ်ပြီး အရည်အချင်းပြည့်တဲ့ လူငယ်ခေါင်းဆောင်သစ်တွေ တက်လာကြမယ်လို့ ၀ အကြီးတန်းအရာရှိ သုံးဦးက အတည်ပြု ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

အခုလို ၀ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက်လည်း အရေးကြီးတယ်လို့ သတင်းမှာဖေါ်ပြပါတယ်။ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင်ဟောင်း၊ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ၀ မပါဘဲ မဖြစ်နိုင်သလောက်ပါ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာ ၀ ကဖြန်ဖြေသူလည်းဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

UWSP ပါတီမှာ ပါတီဝင် တစ်သောင်ခွဲဝန်းကျင်ရှိပြီး၊ UWSA ဝ တပ်ဖွဲ့မှာ အင်အားသုံးသောင်း ဝန်းကျင်ရှိပါတယ် ။ လက်ရှိ UWSP ပါတီ ဥက္ကဌ ပေါက်ယူချန်းဟာ အသက်အရွယ်ကြီးရင့်နေပြီး၊ ကျန်းမာရေးမကောင်းဘူးလို့ သတင်းမှာဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။