"ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆို


2019.04.17
bao-youxiang-uwsa-622.jpg

UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်း ကို ဝ ဒေသ ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့ကကျင်းပတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာတွေ့ရစဉ် ( Photo: Thiha Tun/RFA)

wa-peace-anniversary1.jpg

ဝ ဒေသ ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပစဉ် ( Photo: Kan Thar/RFA )

wa-peace-anniversary2.jpg

ဝ ဒေသ ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာ ဝ စစ်သားတွေ စစ်ရေးပြနေစဉ် ( Photo: Kan Thar/RFA )

wa-women-soldiers.jpg

ဝ ဒေသ ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာ ဝ စစ်သမီးတွေ စစ်ရေးပြနေစဉ် ( Photo: Thiha Tun/RFA )

"ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရကိုတောင်းဆိုပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားအားထုတ်သွားမှာဖြစ်ကြောင်း UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်း က ပြောလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး ရည်မှန်းချက်မရမီကာလမှာ တစ်ဖက်က ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအလံကို လွှင့်ထူပြီး တစ်ဖက်မှာလည်း လက်နက်နဲ့ ကာကွယ်ရေးအလံကို လွှင့်ထူထားမယ်လို့ သူကပြောပါတယ်။

ဒီနေ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ထိန်းချုပ်ရာ ပန်ဆန်းမှာ ဒီနေ့ကျင်းပတဲ့ ဝ ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်းအနားမှာ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် စစ်သေနာပတိချုပ် လည်းဖြစ်သူ ဦးပေါက်ယူချန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီနေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ထားပြီး UWSA ကို NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖိုနဲ့ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့လိုကြောင်းလည်း ပြောထားပါတယ်။ အဲဒီသဝဏ်လွှာကို လဝက ဝန်ကြီး ဦးသိန်းဆွေက တက်ရောက်ဖတ်ကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဒီပွဲကို တက်ရောက် လိုပေမယ့် ဒီနေ့ဟာမြန်မာ နှစ်ဆန်း ၁ ရက်နေ့ဖြစ်တာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် ခင်ညွန့် ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ဒေသကို ရေရှည်တည်တန့်ပြီး ငြိမ်းချမ်းဖွံ့ဖြိုးမှုရစေလိုတယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

ဒီပွဲကို တရုတ်နိုင်ငံက အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်း အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့လည်း တက်ရောက်လာပါတယ်။

ဒီပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိသလို မြန်မာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧပြီလ ၁၅ ရက်နေ့မှာ RFA ကို ပြောဆိုထားပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနဲ့အတူ ရှမ်းပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး တက်ရောက်လာတာတွေ့ရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။