သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ရဲ့ပြောဆိုချက် ဘင်္ဂလားဒေ့ရှ်ငြင်းဆို


2019.01.09
press-release-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်။
Photo: RFA

AA ရခိုင့်တပ်မတော်နဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရှိနေတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိပဲ လုပ်ကြံဖန်တီးပြီး၊ စွပ်စွဲပြောဆိုချက်သာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တုန့်ပြန်လိုက်ပါတယ်။

ဒီလိုပြောဆိုတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အနေနဲ့ အတော့်ကို စိတ်ပျက်ရသလို၊ နစ်နာရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စနစ်တကျ စောင့်ကြပ်တာဝန်ယူနေတဲ့အတွက် အကြမ်းဖက်သမားတွေ အခြေချဖို့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဘယ်လိုအတိုက်အခံအဖွဲ့ကိုမဆို ဘင်္ဂလားဒေ့ရှ်မြေပေါ်မှာ ခြေချခွင့်ပြုမထားဘူးလို့လည်း ဆိုပါတယ်။

အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု စစ်ဆင်ရေးတွေမှာ ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်းနိုင်ငံတချို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိသလို၊ မြန်မာကိုလည်း ရံဖန်ရံခါဖိတ်ခေါ်ခဲ့တယ်၊ ဒါပေမယ့် မြန်မာဘက်က တက်တက်ကြွကြွမရှိခဲ့ဘူးလို့ ထောက်ပြပါတယ်။

ဒ့ါအပြင် လက်ရှိတိုက်ပွဲတွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့်ဖြစ်လာတဲ့ ရလဒ်တွေလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာရဲ့ ပြည်တွင်းနိုင်ငံရေးကစားကွက်တွေမှာ ဘင်္ဂလားဒေ့ရှ်က ပတ်သက်နေတဲ့ပုံစံမျိုး မြန်မာအစိုးရက မပြောဆိုဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကျေးဇူးတင်မိမယ်လို့ ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။