လုပ်ပိုင်ခွင့်ယူထားတဲ့ မြေတွေကို စစ်ဆေးမယ့်အဖွဲ့ ဖွဲ့စည်း

2018-03-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်မြေအချို့ကို တွေ့ရစဉ်
လယ်မြေအချို့ကို တွေ့ရစဉ်
Photo: RFA

နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့်ရယူထားပြီး အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော်မှု မရှိတာတွေကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမယ့် အထူးအဖွဲ့ ၂ ဖွဲ့ကို မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။

လုပ်ပိုင်ခွင့်ရယူထားသူတွေထဲမှာ တစ်ချိန်က အစိုးရတာဝန်ရှိသူတွေများတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ ၀င်ရောက်စစ်ဆေးဖို့မှာ အကန့်အသတ်ရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ဥတ္တရခရိုင် ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ က ပြောပါတယ်။

"လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိတာ များပေမယ့်လည်း သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကပဲ စစ်ဆေးတဲ့ အခါမှာ ကိန်းဂဏန်းမှားယွင်းမှုဆိုတာ အကြီးအကျယ်ကို ဖြစ်နေတယ်လေ၊ နောက် ဌာနဆိုင်ရာတွေ အနေနဲ့ လည်း လုပ်ပိုင်ခွင့်ရယူထားတဲ့သူတွေက တစ်ချိန်တုန်းက တာဝန်ရှိတဲ့သူတွေ များတဲ့အခါကျတော့ သူတို့အနေနဲ့ လည်း ၀င်ရောက်စစ်ဆေးဖို့ကျတော့ အကန့်အသတ်လည်းရှိတယ်၊ အဲဒါကြောင့် နိုင်ငံတော်က ကြီးမှူးပြီးတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရယူထားပြီးတော့ ဥပဒေအတိုင်း ၄ နှစ်အတွင်းမှာ အကောင်အထည် ဖော်ထားခြင်းရှိ/မရှိ ကို စစ်ရမယ်၊ အကောင်အထည်ဖော်ထားခြင်းမရှိဘူးဆို အဲကောင်တွေကို ပြန်သိမ်းရမယ် ဆိုတဲ့ မူဝါဒအရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ အဖွဲ့တွေကို ဖွဲ့လိုက်တာပါ"

ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင်ဆိုပြီး အထူးအဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းပေးလိုက်တာဖြစ်ပြီး အဲဒီအဖွဲ့တွေမှာ လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်း၊ အထွေထွေအုပ်ချုပ်ရေး၊ စိုက်ပျိုးရေး နဲ့ သစ်တော စတဲ့ခရိုင်ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ပါတယ်။

အဲဒီလို အထူးအဖွဲ့တွေကို နေပြည်တော်အပြင် တစ်နိုင်ငံလုံးက သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် ဖွဲ့စည်းပြီး မြေလွတ် မြေလပ် မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့်ရယူထားတဲ့ စီမံကိန်းတွေကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဦးမောင်မောင်ဆွေ က ပြောပါတယ်။

အထူးအဖွဲ့တွေအနေနဲ့ ကွင်းဆင်းစစ်ဆေးပြီးရင် စစ်ဆေးတွေ့ရှိချက်တွေကို ဓါတ်ပုံမှတ်တမ်း အထောက်အထားတွေ နဲ့အတူ နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ကို ပြန်လည် တင်ပြရမှာ လည်း ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြေလွတ် မြေလပ် မြေရိုင်းဧက သောင်းနဲ့ချီရှိပြီး ငှားရမ်းလုပ်ပိုင်ခွင့် ရယူထားတဲ့ လုပ်ငန်းရှင် အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။

မြေလွတ် မြေလပ် မြေရိုင်းတွေကို ငှားရမ်းလုပ်ပိုင်ခွင့်မှာ ပါရှိတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ ၄ နှစ် ကြာတဲ့အထိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိရင် ၂၀၁၂ ခုနှစ် မြေလွတ် မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနဲ့အညီ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ်စိုက်ပျိုးမယ့်သူတွေကို လုပ်ပိုင်ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့