ဆန္ဒပြဈေးသည် (၁၁) ဦး အာမခံနဲ့ ပြန်လွှတ်

အင်းစိန်ပန်းခြံအနီး မနေ့က ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံရတဲ့ ဈေးသည် (၁၁) ဦးကို အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် သူတို့အားလုံးကို တရားမဝင် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

2012.08.07
insein-vendors-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။
RFA

အဖမ်းခံရသူတွေကို စစ်ချက်တွေရယူပြီး တနင်္လာနေ့က ညသန်းခေါင်ကျော်လောက်မှာ အာမခံနဲ့ လွှတ်ပေးလိုက်တာလို့ ပြန်လည် လွတ်မြောက်လာတဲ့ ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။

"ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ကျွန်တော်တို့ ရောင်းချဖို့ အခက်အခဲရှိတယ်။ နေရာထိုင်ခင်း မရှိဘူး။ စားဖို့သောက်ဖို့ အဆင်မပြေဘူး။ အဲအတွက် ကျွန်တော်တို့ တောင်းစားရတယ်ပေါ့။ သူတို့ကတော့ ဘာမှ မပြောဘူး။ ရေးတော့ရေးနေတာပဲ။ ကျွန်တော်တို့ ပြောတဲ့ဟာတွေ ရေးပြီးတော့ ယူသွားတယ်။ ကျွန်တော်တို့ကို ၁၂ နာရီခွဲလောက်တော့ လွှတ်လိုက်တယ်"

အင်းစိန်ပန်းခြံနားက ဒက္ခိဏလမ်းမှာ ဈေးရောင်းချခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဈေးသူ ဈေးသား ၂၀ လောက်ဟာ ရောင်းစားခွင့် မရလို့ တောင်းစားနေရပြီ ဆိုတဲ့စာတမ်းနဲ့ တနင်္လာနေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဝင် (၃၀) လောက် ရောက်ရှိလာပြီး ဆန္ဒပြသူ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို အင်းစိန်ရဲစခန်းကို ကားတစ်စီးနဲ့ ခေါ်ဆောင်သွားရာမှာ ကားမဆံ့လို့ (၄) ယောက်ကို လမ်းမှာ ချထားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။