ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ဦးဟင်နရီ ဗန်ထီးယူကို ဒုတိယသမ္မတတွေအဖြစ် ဒီကနေ့ မနက်က တင်မြှောက် လိုက်ကြပါတယ်။
လွှတ်တော် ၂ ရပ်စလုံးမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်လိုက်ကြတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ တက်ရောက်သူ ကိုယ်စားလှယ် စုစုပေါင်း ၃၁၇ ဦးက မဲပေးကြရာမှာ ဦးထင်ကျော် က ၂၇၄၊ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉ မဲ ၊ ပယ်မဲ ၁၄ မဲရှိတဲ့အတွက် ဦးထင်ကျော်က မဲအပြတ်အသတ်နဲ့ အနိုင်ရတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မဲပေးသူ ကိုယ်စားလှယ် ၁၆၇ ဦးရှိရာမှာ ဦးဟင်နရီ ဗန်ထီးယူက ၁၄၈ မဲ ၊ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်က ၁၃ မဲ ၊ ပယ်မဲက ၆ မဲရှိခဲ့ပြီး တင်မြှောက်ခံရ တာ ဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတ အဖြစ် တင်မြှောက်မယ်လို့ သိရပါတယ်။
အဲ့ဒီဒုတိယသမ္မတ ၃ ဦးထဲက ၁ ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ထပ်မံရွေးချယ် တင်မြှောက်ရမှာ ဖြစ် ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကျင်းပမယ့်ရက်ကို ကြေညာထားခြင်း မရှိသေးပါဘူး။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ဒုတိယသမ္မတတွေအတွက် ဂုဏ်ယူကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ပြောကြားပါတယ်။