Victoria ဖခင် မေးမြန်းရိုက်ကူးထားတဲ့ တယ်လီဖုန်းကို တရားရုံးက သက်သေအဖြစ်လက်ခံ


2019.08.14
victoria-622.jpg Victoria အမှုကို စစ်ဆေးနေတဲ့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးကို ၂၀၁၉ သြဂုတ် ၁၄ ရက်နေ့ကတွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

Victoria လို့ အမည်ပေးထားတဲ့ အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ကျူးလွန်သူနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက Victoria ကို ဖုန်းကင်မရာနဲ့ မေးမြန်းရိုက်ကူးထားတဲ့ တယ်လီဖုန်းကို တရားရုံးက သက်သေအဖြစ် ဒီနေ့ရုံးချိန်းမှာ လက်ခံလိုက်ပါတယ်။

လိင်အကြမ်းဖက်ခံရတဲ့ ကလေးအမှုအတွက် ဒီနေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ လေးကြိမ်မြောက် ရုံးချိန်းခေါ်ယူခဲ့ပြီး တရားလိုဖြစ်တဲ့ ဖခင်ဖြစ်သူကို စစ်ဆေးရာမှာ တရားလိုတင်သွင်းတဲ့ ဖုန်းကို တရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူက Victoria ကလေးငယ်ကို လက်ရှိ စွပ်စွဲခံထားရသူ အောင်ကြီး အပါအဝင် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သား နှစ်ဦးဖြစ်တဲ့ ကိုကိုနဲ့ ညီညီ ၊ ဆရာမနှင်းနုတို့ရဲ့ ပုံတွေကို ပြပြီး ကျူးလွန်တဲ့ တရားခံတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။

ဒီအမှုမှာ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးထားပါတယ်။

အောင်ကြီးရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က Victoria ကလေးငယ်ကို ကျူးလွန်တဲ့ တရားခံ ဘယ်သူလဲဆိုတာကို ဖုန်းနဲ့ အင်တာဗျူးထားတဲ့ မှတ်တမ်းဖိုင်ကို တရားရုံးကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ ရုံးထုတ် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်က ရှေ့နေတွေကိုတော့ မေးမြန်းခွင့်မရခဲ့ပါဘူး။

နောက်ထပ် ရုံးချိန်းကိုတော့ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး Victoria ရဲ့ အဖွားဖြစ်သူကို စစ်ဆေးမှာဖြစ်ပါတယ်။

လက်ရှိမှာ Victoria ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အပါအဝင် ကိုကိုနဲ့ ညီညီ၊ Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီး(ခေါ်) အောင်ကျော်မျိုး၊ Victoria နေထိုင်ရာ တိုက်ခန်းက သူနှစ်ဦး စုစုပေါင်း ခြောက်ဦးကို မြန်မာနိုင်ငံ မှုခင်းနဲ့ သတင်းရဲတပ်ဖွဲ့ CID က DNA စစ်ဆေးထားတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။