လားရှိုးဒေသခံနှစ်ဦး အသတ်ခံရမှု ရွာသားတွေနဲ့ တပ်ပြောဆိုချက် ကွဲလွဲနေ

ကံသာ
2020-09-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ် လားရှိုးမြို့နယ် ပန်သပြေကျေးရွာအုပ်စု ဖာလိုင်ရွာအနီးမှာ အရပ်သား ရွာသားနှစ်ဦးကို တပ်မတော်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာဖြစ်တယ်လို့ ရွာအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ သူတို့နှစ်ဦးဟာ လက်နက်ကိုင်အဖွဲ့ဝင် ဖြစ်လို့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမြို့နယ် ပန်သပြေအုပ်စု ဖာလိုင်ရွာမှာ နေထိုင်တဲ့ အသက်နှစ်ဆယ် အရွယ် မိုင်းပန်ဆာ နဲ့ အသက် ၃၃နှစ်အရွယ် မိုင်းအိုက်ထွန်းတို့ကို   ခမရ (၃၆၁) စစ်ကြောင်းက သြဂုတ် ၃၀ ရက်နေ့မှာ ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အကြောင်း ရွာသားတွေက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆီ တိုင်ကြားခဲ့ကြပါတယ်။  

အဲဒီနေ့ မနက် ၉နာရီလောက်မှာ တောင်ယာခြံစည်းရိုးခတ်ဖို့ သွားတဲ့ သူတို့နှစ်ဦးကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ မျက်မြင်ရွာသားတွေက တိုင်ကြားလာတဲ့အကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဘာသာပြန်ကနေတဆင့် ပြောပါတယ်။

တောင်ယာခြံစည်းရိုးခတ်နေတဲ့ မိုင်းပန်ဆာနဲ့ မိုင်းအိုက်အောင်တို့နှစ်ဦးဟာ ပထမစစ်ကြောင်း ဖြတ်သန်းသွားချိန်မှာ ရပ်ကြည့်နေကြခဲ့ပြီး ဒုတိယစစ်ကြောင်း ရောက်လာချိန်မှာတော့ ပစ်ခတ်ခံရလို့ မိုင်းပန်ဆာကို သေနတ်ထိမှန်ခဲ့ချိန်မှာ သူနဲ့အတူ ပါလာတဲ့ မိုင်းအိုက်အောင်က ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ယာထဲမှာ ရှိနေတဲ့ မိုင်းပန်ဆာရဲ့ဖခင်ကလည်း မြေပြင်မှာ လဲနေတဲ့ သားဖြစ်သူကို တပ်မတော်သားတွေက သေနတ်နဲ့ ထောက်ထားတာကို အဝေးကနေ လှမ်းတွေ့ရကြောင်း ရွာအုပ်ချုပ်ရေးမှူးက ပြောပြခဲ့တယ်လို့ လားရှိုးမှာရှိတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီရုံး ယာယီဥက္ကဋ္ဌ  ဦးအောင်မင်းက ပြောပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာတော့ ဖာလိုင်ရွာအကျော် မန်ပန် ပြည်သူ့စစ်ဂိတ် အနီးက စျေးဆိုင်မှာ ခဏနားခဲ့တဲ့ တပ်မတော် စစ်ကြောင်း ထွက်ခွာသွားပြီးတဲ့နောက် အဲဒီရွာနဲ့ နောင်ချို ရွာကြားမှာ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ကတည်းက   ရွာသား အိုက်ထွန်း  ပျောက်ဆုံးနေခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ အပုပ်နံ့ရတာကြောင့် ရှာဖွေချိန်မှာတော့ သေနတ်သံ ကြားခဲ့တဲ့ နောင်ချိုရွာနဲ့ ဖာလိုင်ရွာကြားက မန်ပန် ပြည်သူ့စစ်ဂိတ်အနီး ရေမြောင်းထဲမှာ အိုက်ထွန်းရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်တွေကို ရွာအုပ်ချုပ်ရေးမှူးက လားရှိုးမြို့ ပါတီရုံးကို တိုင်ကြားလာတဲ့အကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီရဲ့ ယာယီဥက္ကဋ္ဌ ဦးအောင်မင်းက RFA ကို ပြောပါတယ်။

ရုပ်အလောင်းနှစ်ခုထဲက အိုက်ထွန်း ဆိုသူရဲ့ရုပ်အလောင်းကိုတော့ မြှုပ်နှံထားတာ တွေ့ရပေမယ့် မိုင်းပန်ဆာ ရဲ့ ရုပ်အလောင်းကတော့ မီးရှို့ခံထားရပြီး အရိုးတွေကိုသာ တွေ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။  တပ်မတော်က ထုတ်ပြန်ထားတဲ့အထဲမှာတော့ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ စစ်ဝတ်စုံ ၀တ်ထားတဲ့ ရုပ်အလောင်းတစ်ခု ပါ၀င်နေပါတယ်။  

ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ စစ်ဘက်ဆိုင်ရာ သတင်းအဖွဲ့ တာဝန် ရှိသူတွေကို ဆက်လက် တိုင်ကြားဖို့ ကူညီပေးခဲ့ပြီး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သတင်းပေးပို့ တိုင်ကြားခဲ့ပါတယ်။  

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့  ဖာလိုင်ရွာက အရပ်သားနှစ်ဦးကို တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲအတွင်း အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။  

တပ်မတော်ရဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဩဂုတ် ၃၀ ရက်က MNDAA ကိုးကန့်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးတဲ့နောက် ကိုးကန့်တပ်ဖွဲ့ဝင် ၀တ်စုံဝတ်ထားတဲ့ အလောင်း ၁လောင်း၊ အရပ်ဝတ် အလောင်း ၁ လောင်း နဲ့ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားတာပါ။

ပန်သပြေကျေးရွာအုပ်စုဟာ လားရှိုးနဲ့ တန့်ယန်းမြို့အစပ်နေရာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ အဲဒီရွာတွေတဝိုက်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေဟာ နယ်မြေအလိုက် လှုပ်ရှားနေကြတာပါ။

MNDAA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပါဘူး။ MNDAA အဖွဲ့နဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ စက်တင်ဘာလ ၁၂ ရက်နေ့က တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသလို သေဆုံးသူတွေဟာ လက်နက်ကိုင်အဖွဲ့က တပ်သားတွေ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီဒေသဟာ တပ်မတော်တပ်စခန်းတွေရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားလည်း  ကျင်လည်ကျက်စားတဲ့ ဒေသဖြစ်ပါတယ်။

မနေ့ကလည်း လားရှိုးနဲ့ တန့်ယန်းအစပ်နေရာတွေမှာ တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

လားရှိုးအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး-၂ လွေးပိုးလပါ ကတော့ အရပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတိုင်း တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က ၀န်ခံတာ မတွေ့ရဘဲ နှစ်ဖက် လွှဲချနေတာတွေကြောင့် မြေပြင်အခြေအနေတွေကို ကွင်းဆင်းပြီး ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။  

ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခတွေမှာ မကြာခဏဆိုသလို အရပ်သားတွေ မှားယွင်းပစ်ခတ်ခံရပါတယ်။

တပ်မတော်က ခေါ်ဆောင်သွားတယ်ဆိုတဲ့ မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု မိုင်းဆတ်ရွာသစ်မှာ နေတဲ့ အသက် လေးဆယ်အရွယ် ဦးညီလိတ် ၊ မန်ကန်ရွာမှာနေတဲ့ အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် မိုင်ညီထွန်းနဲ့ နမ့်ခမ်း မြို့နယ် လွယ်မွန်ရွာမှာနေတဲ့ မိုင်းအလုံတို့ သုံးဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၂၀ရက်နေ့မှာ မိုင်းဆတ် ရွာဟောင်းအနီး တောထဲမှာ မြှုပ်နှံထားတာကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီကိစ္စကိုတော့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမယ်လို့ ပြောထားပြီး အခုချိန်ထိတော့ စစ်ဆေးတွေ့ရှိချက် မထွက်လာသေးပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့