လားရှိုးမြို့နယ်က တပ်သိမ်းမြေမှာ တောင်ယာ ဆက်လုပ်ခွင့်ပေးဖို့ ရွာသားတွေ တောင်းဆို

ကံသာ
2021-01-28
Share

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် တန့်ယန်းလမ်းခွဲအနီး နောင်ဖော့ကျေးရွာအုပ်စု လွယ်လမ့်ကျေးရွာက တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေဟာ တပ်ပိုင်မြေတွေ ဖြစ်တာကြောင့် ဒီမြေပေါ်ကနေ ဖယ်ပေးကြဖို့ လားရှိုးအခြေစိုက် ခလရ ၄၁ တပ်က အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး ဒေသခံလယ်သမားတွေက ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

လွယ်လမ့်ကျေးရွာဟာ လားရှိုးမြို့ကနေ ရှစ်မိုင်လောက်ဝေးတဲ့ တန့်ယန်းလမ်းခွဲအနီးမှာ ရှိတာပါ။ အဲ့ဒီရွာက တောင်သူ ကိုးဆယ်လောက် လုပ်ကိုင်နေတဲ့ မြေဧကတစ်ထောင်နီးပါးလောက်ကို ၁၉၉၆ ထဲက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ရာဘာစီမံကိန်းအတွက် သိမ်းဆည်းခဲ့ပြီး ဒေသအခြေစိုက် တပ်ရင်းတွေကို စိုက်ပျိုးရေး လုပ်ငန်းတွေလုပ်ကိုင်ဖို့ ခွဲပေးထားတာလို့ ဆိုပါတယ်။ အဲ့ဒီမြေဧကတစ်ထောင်ကျော်မှာ ဒေသအခြေစိုက် ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်၊ အမြောက်တပ်၊ ခလရ ၄၁တပ် အပါအဝင် တပ်ရင်းခုနှစ်ခုလောက်က စိုက်ပျိုးရေးလုပ်နေသလို မူလတောင်သူတွေကို ၁၉၉၉ ခုနှစ်မှာ သီးစားချ လုပ်ကိုင်ခွင့်ပြုထားတာလို့ ကျေးရွာသားတွေက ပြောပါတယ်။

ခလရ ၄၁ တပ်ဧရိယာမှာ စိုက်ပျိုးနေတယ်ဆိုတဲ့ လွယ်လမ့်ကျေးရွာက တောင်သူဆယ့်တစ်ဦးကိုတော့ ဒီနှစ်မှာ ဆက်မစိုက်တော့ဖို့ တပ်က အကြောင်းကြား လာတာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်တာလို့ ရှင်းလင်းပွဲမှာ ပါဝင်တဲ့ ကိုအေးသူက ပြောပါတယ်။

တပ်မြေဖြစ်တဲ့အတွက်ကြောင့် နောက်နှစ်တွေမှာ စိုက်ပျိုးခွင့်ပေးမှာ မဟုတ်ကြောင်းနဲ့ ဆက်လက်စိုက်ပျိုးရင် အရေးယူမယ်ဆိုတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေရတဲ့ တောင်သူတွေအတွက် နစ်နာရတယ်လို့ မြေခြောက်ဧကလောက် အသိမ်းခံရတဲ့အထဲပါသွားတဲ့ မအေးစံဦးကပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလစီပွားရေး ကြပ်တည်းနေချိန် အခုလို စိုက်ပျိုးခွင့် ပိတ်သိမ်းခံရတဲ့အတွက် လုပ်ကိုင်စရာ အလုပ်မရှိဘူး ဖြစ်ကြမှာမို့ မူလမြေမှာပဲ ပြန်စိုက်ခွင့် ရချင်တယ်လို့ တောင်သူ အိုက်ကျာက ပြောပါတယ်။

တပ်က ရာဘာစိုက်ခင်းလို့ အမည်ပေးထားပေမယ့် ရာဘာပင်တွေကို သိပ်မတွေ့ရပါဘူး။ ပြောင်း၊ စပါးသီးနှံတွေ ကို ဒေသခံတောင်သူတွေက သီးစာခပေးပြီး စိုက်ပျိုးနေကြရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

RFAက ခလရ ၄၁ တပ်က တာဝန်ရှိသူတွေကို ဆက်သွယ်တာမှာ ဆက်သွယ်လို့မရသေးပါဘူး။ တပ်ဘက်က တောင်သူတွေကို ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ရမှာဖြစ်လို့ အမှတ် ၄၁ ခြေလျင်တပ်ရင်းရဲ့ နှစ်သုံးဆယ်လုပ်ကိုင်ခွင့်ရ တပ်ဧရိ ယာပြင်ပ တပ်ပိုင်မြေ (၉၉. ၁၁) ဧကမှာ ပြောင်းသီးနှံ စိုက်ပျိုးနေတဲ့ လွယ်လမ့်တောင်သူ ၁၁ ဦးအနေနဲ့ ၂၀၂၀ နှစ်ကုန်ကနေ ဆက်ပြီး မစိုက်ပျိုးဖို့ စိုက်ပျိုးရင် ဥပဒေကြောင်းအရ အရေးယူခံမယ်လို့ ပါရှိပါတယ်။

တောင်သူတွေအနေနဲ့ သူတို့မြေတွေကို တပ်က စွန့်လွှတ်ပြီးသားလား၊ မစွန့်လွှတ်သေးတာလား ဆိုတာကို သိချင်နေကြတာပါ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မြေစစ်ကော်မတီကို မြေယာကိစ္စ ဖြေရှင်းပေးဖို့ စာရေးသား တောင်းဆိုပေမယ့် ထူးခြားမှု မရှိလို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်ပေးစေချင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကျေးရွာရဲ့ဘောလုံးကွင်းမြေနေရာ သတ်မှတ်ပေးရေး တောင်းဆိုချက်ကိုလည်း ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးဖို့ ကျေးရွာသားတွေက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းတောင်းဆိုသွားခဲ့ကြပါတယ်။

ရှမ်းပြည်နယ် လယ်မြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုသန်းထိုက်ကတော့ ပြီးခဲ့တဲ့လတွေ အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း တပ်သိမ်းမြေအပါအဝင် မြေယာပြဿနာများကို ကွင်းဆင်းစိစစ်ခဲ့ပြီး ဖြစ်ပေမယ့် ဒေသခံတောင်သူတွေဘက်က နစ်နာမှုတွေ ရှိခဲ့ရင် လာမယ့်မတ်လ မကုန်ခင်အထိ မြေစစ်ကော်မတီကို စိစစ်ပေးဖို့ တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့