လိုင်ဇာညီလာခံကို ဝနဲ့ မိုင်းလားအဖွဲ့တွေ တက်မှာမဟုတ်

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ KIO က ကမကထပြုပြီး ဒီနေ့စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့  ညီလာခံကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ  တက်ရောက်ခြင်းမရှိဖူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဝ တပ်ဖွဲ့ ဝိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ဝတပ်ဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကို တက်ရောက်မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

“အေး ကျနော်လည်း သိပ်မရှင်းဘူး၊ သူတို့ ပထမပြောတာတော့ သွားမယ်လို့ပြောတာ၊ အယ် သွားတဲ့အချိန်ကျ သူတို့မသွားဖြစ်ဘူး ဖြစ်နေတယ်၊ သူတို့မသွားဖြစ်တာ ဘာကိစ္စနဲ့လည်း မသိဘူး၊ မေးကြည့်တာတော့ မသွားဘူးတဲ့၊ မိန်းလားနဲ့ ကျနော်တို့ ၀ က မသွားဘူးတဲ့၊ ဒါကတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ ကျန်းမာရေးတော့ မဖြစ်ဘူး၊ ဒါပေမယ့် တခုခုတော့ ဖြစ်မယ်ထင်တယ်၊ အရင်တစ်ခေါက်လည်း မသွားဘူးလေ၊ အေး ဒီတစ်ခေါက်လည်း မသွားဘူး”

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ဝင် ကျိုင်းတုံဆက်ဆံရေးရုံး အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘာကြောင့် မတက်ရောက်နိုင်သလဲဆိုတာ  မိမိမှာပြောခွင့်မရှိဖူးလို့ ဖြေကြားပါတယ်။

အဲဒီမိုင်းလားနဲ့ ဝတပ်ဖွဲ့တွေနဲ့ အနေနီးစပ်သူဖြစ်တဲ့ တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ ဝ တပ်ဖွဲ့အနေနဲ့ ယခင် ချမှတ်ထားခဲ့တဲ့ မူဝါဒကြောင့် မတက်ရောက်တာဖြစ်နိုင်တယ်လို့ အာဖက်အေကို ပြောပါတယ်။

“ကျနော်တို့လည်း မေးကြည့်ပြီးပြီ သူတို့က ဘာမှအတိအကျ ဖြေတာမရှိပါဘူး၊ သူတို့ပြောတာက ဝသပ ကမသွားဘူး၊ သူတို့လည်း မသွားဘူး ဝသပ နဲ့ သူတို့က ညီနောင်ပါတီ အဖွဲ့အစည်းဖြစ်တာကိုး၊ မသွားကြဘူး အဲ့ဒါပါပဲ၊ တဖက်ကလည်း စဉ်းစားစရာရှိတာပေါ့၊ သူတို့စောစောကြိုပြောထားတာရှိတယ်၊ ဝသပ အနေနဲ့ ဒီနေရှင်းနယ်ပီစ် စေ့ဖားရားအကုတ်ကို လက်မှတ်ထိုးစရာ မလိုဘူးပေါ့၊ အရင်တုန်းကလည်း ထိုးဖူးတယ်ပေါ့၊ ပြောဖူးတာကိုး၊ အယ်အဲ့အတွက်ကြောင့် မလိုအပ်လို့ ဒီအစည်းအဝေးက အဲ့မှာထိုးမထိုးဆိုတာကို ဆုံးဖြတ်ကြမှာကိုး၊ အဲ့ဒါကြောင့် မသွားတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့၊ အခြားအကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အိမ်နီးနားချင်း တရုတ်ပြည်ရဲ့ ဖိအားလားပေါ့၊ ဒါမှမဟုတ်လည်း တခြားဗမာအစိုးရက ပါဝင်မှာမကြိုက်လို့ မသွားတာလားပေါ့ ဒီလိုလည်း စဉ်းစားနိုင်ပါတယ်”

KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ညီလာခံမှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ ပတ်သက်တဲ့ မူဘောင်တွေ ချမှတ်ရေးအတွက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

May be because of Divide & Rule is in gaining momentum.

Oct 30, 2013 08:46 AM

ဆိုက်တခုလုံးသို့