ဝ လူမျိုးတွေ ပုံမှန်သွားလာခွင့်မရတဲ့ အခြေအနေ ငြိမ်းချမ်းရေးကော်မရှင် ညှိနှိုင်းနေ

2018-02-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး ကို တွေ့ရစဉ်
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ရှမ်းပြည်နယ်၊ မိုင်းယန်း - မိုင်းခတ် - ကျိုင်းတုံ လမ်းကြောင်းမှာ ၀ လူမျိုးတွေ ပုံမှန်သွားလာခွင့်မရဘဲ တားမြစ်ခံနေ ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ဒီနေ့ ပြောပါတယ်။

လက်ရှိအချိန်မှာ အဲဒီကိစ္စကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်က ညှိနှိုင်းပေးနေကြောင်းနဲ့ ဘာကြောင့် တားမြစ်တာတွေဖြစ်နေလဲ ဆိုတာကိုတော့ မပြောနိုင်ကြောင်း ဦးအောင်စိုးက ပြောပါတယ်။

"ကျနော်တို့ ညှိနှိုင်းပေးနေကြပါတယ်ဗျ။ တခြားအကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။ ကျနော့်အနေနဲ့လည်း ဒီအခြေအနေတွေကို တိတိကျကျ ကျနော်လည်း မပြောနိုင်ပါဘူး။ အဲဒါကြောင့်ပါ"

အခုလ လဆန်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာရှိတဲ့ ပန်ဆန်းမြို့နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ ကျိုင်းတုံမြို့ကို သွားလာရာမှာ စစ်ဆေးရေးဂိတ်တွေက တားမြစ်နေတယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဘက်က ပြောပါတယ်။

မှတ်ပုံတင်မှာ ၀ လူမျိုးလို့ ဖော်ပြထားသူတွေကို အဲဒီလမ်းကြောင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းခွင့် မပေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ဟာ ကျောင်းပိတ်ရာသီဖြစ်တဲ့အတွက် ပန်ဆန်းနဲ့ ကျိုင်းတုံကို သွားလာမှု များပြားနေချိန်ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေက သွားလာခွင့်မပြုတဲ့အတွက် လမ်းတစ်ဝက်ကနေ လှည့်ပြန်နေရတာတွေလည်း ရှိနေပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို အုပ်ချုပ်နေတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ/ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဟာ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုး ရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် UWSA ဟာ NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့