ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဝ အဖွဲ့ တောင်းဆိုမည်

UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့အနေနဲ့ သမတ ဦးသိန်းစိန်ရဲ့ တိုင်းရင်းသားအရေးကိစ္စ ပြောဆိုချက်တွေကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ ဆွေးနွေးဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း UWSA အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို ပြောဆိုပါတယ်။

2011.05.02
uwsa_parade_305_Z ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့် အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည် သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)
Photo Courtesy of UWSA

သမတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါအချက်တွေအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသ ဗဟိုကော်မတီမှာ ပြောဆိုခဲ့တဲ့ သမတရဲ့ ပြောဆိုချက်တွေကိုလည်း UWSA ခေါင်းဆောင်တွေက လက်ခံတယ်လို့ UWSA အဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စစ်ကို မလိုလားဘူး။ အဲဒါ သမတသစ်က ဒီ သမတ ဖြစ်တုန်းက သူ မိန့်ခွန်း ပြောသွားတာတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာလည်း နယ်စပ်ဒေသ ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းမှုနဲ့ ဆွေးနွေးပွဲမှာလည်း သူပြောသွားတာတွေ အများကြီး ရှိတယ်။ ဒါတွေ ကြားရတာ ကျွန်တော်တို့ အနေနဲ့လည်း ကြိုဆိုတယ်ပေါ့ဗျာ။ ဒီလိုလည်း ဖြစ်လာအောင် ကျွန်တော်တို့လည်း အစိုးရသစ် သမတကိုလည်း တင်ပြတောင်းဆိုတဲ့ ဟာမျိုးပေါ့။

ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကိုလည်း တောင်းဆိုမှာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

မေလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ပြီးခဲ့တဲ့ သုံးလအတွင်း တောတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးက လက်နက်ကိုင် ၃၈ ဦး ငြိမ်းချမ်းရေးအတွက် အလင်း ဝင်ရောက်ခဲ့ကြောင်း ရေးသား ဖော်ပြထားရာမှာ UWSA အဖွဲ့ဝင်တယောက် ပါဝင်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းတဲ့အခါ ဦးအောင်မြင့်က ဒီကိစ္စ မိမိတို့ မသိရှိကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

UWSA အဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ တပ်အသွင်ပြောင်းလဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲခဲ့ပြီးတဲ့နောက် အဆက်အဆံ မရှိ ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

UWSA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။