ပင်းတယနဲ့ ကလောက ရွာ ၁၅ ရွာမှာ ရေရှားပါးမှုရင်ဆိုင်နေရ


2017.04.11
water-scarcity-620.jpg ခန်းစပြုနေတဲ့ ရေအိုင်တစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်က ကျေးရွာ ၁၅ ရွာမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရ တဲ့အတွက် ရေလှူဒါန်းမယ့်အလှူရှင်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပုံမှန်ခပ်နေကြရေတွင်းတွေ ခမ်းကုန်တာကြောင့် ကျွဲနွားတွေ သောက်သုံးတဲ့ရေကန်က ရေကို လူတွေ သုံးနေရတဲ့အထိ ဖြစ်နေတယ်လို့ ရှမ်းတောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့က ကိုအောင်ဆန်း က ပြောပါတယ်။

"သူတို့နှစ်စဉ်သုံးစွဲနေတဲ့ ရေအိုင်က ခမ်းခြောက်သွားတယ်လေ။ ရေကလည်း မသန့်တော့တဲ့ အနေ အထားမျိုးဖြစ်သွားပြီ။ အခုက ကျွဲတွေ၊ နွားတွေနဲ့ ရောနှောပြီး သုံးစွဲနေရတဲ့ အနေအထားလည်းဖြစ် တယ်။ တချို့ရေကန်တွေကျတော့ ကျွဲတွေ နွားတွေ သုံးတဲ့ရေကန်ပေါ့။ အဲ့ရေကန်ကို လူတွေလိုက် သုံးနေရတာပေါ့။ တချို့ကျတော့ မျက်နှာသစ်တဲ့ရေကို ပုံးခံပြီး အဲဒီရေကို အိမ်သာထဲ ပြန်သုံးတာပေါ့။ ဆန်ဆေးရေတို့ ဘာတို့၊ ခွက် ၊ ပန်းကန်ဆေးထားတဲ့ ရေအဟောင်းတွေပေါ့။ အဲ့ဒါတွေကို အိမ်သာထဲ မှာ ပြန်သုံးတယ်။"

အဲဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ရေပြတ်လပ်နေတာကြောင့် အခုဆိုရင် ရေလာလှူတဲ့ လူမှုအဖွဲ့တွေရဲ့ အကူအညီကို ရယူနေရတယ်လို့ သိရပါတယ်။

အလှူရှင်တွေ နည်းနေတာကြောင့် အိမ်ထောင်စုတစ်ခုအတွက် နှစ်ရက်စာ သောက်ရေ ၅ ဂါလန်ပုံး ၄ ပုံးသာ လှူပေးနိုင်တယ်လို့လည်း ပြောပါတယ်။

ရေလှူတဲ့ လူမှုအဖွဲ့အစည်းတွေဟာ ရေရှိတဲ့နေရာမှာ ရေသွားဝယ်ဖို့အတွက် ဂါလံ ၁ ထောင်ဆန့်တဲ့ ကားတစ်စီးကို အနည်းဆုံး ငွေကျပ် ၁ သောင်းခွဲအထိ ကုန်ကျခံဝယ်ယူနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။