တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်


2017.08.17
ayeyarwaddy-river-622.jpg ဧရာဝတီမြစ်ရေတက်လာတာကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအားကောင်းနေတာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုတို့မှာ နောက် ၂ ရက်လောက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပင်လယ်ပြင်မှာလည်း မိုးသည်းပြီး လေပြင်းထန်နိုင်တဲ့အတွက် ပင်လယ်ခရီးသွားမယ့်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း မိုးလေဝနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော ပါတယ်။

"မုတ်သုန်အင်အား ကောင်းနေတယ်။ ကောင်းနေပြီးတော့မှ တိမ်ကတော့ များသောအားဖြင့် ဒီပင်လယ်ထဲမှာ များတယ်ပေါ့နော်။ ပင်လယ်ပြင်မှာပဲ အဓိက မိုးသည်းထန်နိုင်ပြီးတော့မှ လေပြင်းတိုက်မှုဖြစ်စဉ်တွေ ပင်လယ် မှာတော့ ဖြစ်နိုင်တယ်ပေါ့နော်။ ကုန်းပေါ်မှာတော့ နေရာကွက်မိုးကြီးမှုဖြစ်စဉ်တွေ ဖြစ်နိုင်တယ်ပေါ့နော်။ အထူးသဖြင့်တော့ မြစ်ဝကျွန်းပေါ်၊ မွန်၊ တနင်္သာရီ ကမ်းရိုးတစ်လျှောက်သွားနေတဲ့ ပြည်သူတွေအနေနဲ့ ပင်လယ်ထဲမှာလည်း ခုနကပြောသလို မိုးသက်လေပြင်းကျနိုင်တဲ့ အနေထားလေးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ပင်လယ်ပြင်ခရီးသွားမယ်ဆိုရင်တော့ သတိပြုသွားလာဖို့ လိုပါတယ်"

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာလည်း မိုးရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ သတိပေးထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။