ဒေါ်ဝင်းဝင်းနု ကို စွဲချက်တင်သင့် မသင့် ဆုံးဖြတ်တော့မည်


2018.08.29
ygn-east-court-622.jpg ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို အများနဲ့ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ နဲ့ စသုံးလုံးက တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သြဂုတ်လ ၃ဝ ရက်နေ့မှာ တရားသူကြီးက စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချမယ်လို့ သတင်းရပါတယ်။

ဒေါ်ဝင်းဝင်းနုဟာ အဲဒီ ဘီယာစက်ရုံကို အမှတ် ၁ စက်မှုဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ဝန်ကြီး ဦးအောင်သောင်းရဲ့ အမိန့်နဲ့ အစိုးရက ပြန်ပြီးသိမ်းယူခဲ့ပါတယ်။ အခု သူ့ကို စွဲဆိုထားတာကတော့ စက်ရုံလည်ပတ်စဉ် ၁၉၉၄ နဲ့ ၁၉၉၈ ခုနှစ်တွေအတွင်းက ဘီယာချက်ဖို့အတွက် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက သကြားတွေဝယ်ယူရာမှာ ဈေးနှုန်းကို မမှန်မကန် တင်ပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။

စက်ရုံသိမ်းပိုက်ခံရပြီးနောက်ပိုင်း စင်္ကာပူနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တဲ့ ဒေါ်ဝင်းဝင်းနုကို မြန်မာပြည်ပြန် လည်ရောက်ရှိနေစဉ် ဒီနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အခုအထိ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ အ.ပ.က ပုဒ်မ (၃ ) ဟာ အာမခံပေးလို့ မရတဲ့ ပုဒ်မဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်ကို ဒီနေ့ ဒေါပုံမြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ဆုံးဖြတ်ချက်ချမှာဖြစ်တယ် လို့ ဒေါ်ဝင်းဝင်းနုရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်လင်းက RFA ကိုပြောပါတယ်။

"ဒေါ်ဝင်းဝင်းနုရဲ့ မန္တလေးဘီယာအမှုနဲ့ပတ်သက်ပြီးတော့ ၁ လပိုင်းကတည်းကနေပြီးတော့ အခု ၈ လပိုင်း အထိကို တရားလိုဖက်က တရားလိုပြသက်သေတွေ အကုန်လုံးစစ်ပြီးသွားတဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး ဒေါ်ခင်အေးရီ ကနေပြီးတော့ ဒေါ်ဝင်းဝင်းနု အမှုကို အ.ပ.က ၃ အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၃ အရ တရားစွဲဆို သင့် မသင့်ဆိုတဲ့ စွဲချက်အမိန့်ကို ဒီနေ့ ချမယ်လို့ ပြောပါတယ်ခင်ဗျ"

တကယ်လို့ အဲဒီ အများနဲ့ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ အရ စွဲချက်တင်ခံရ မယ်ဆိုရင် ဒေါ်ဝင်းဝင်းနုဟာ ဒီအမှုမှာ ထောင်ဒဏ် ၁ဝ နှစ်ကနေ တသက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။