အမျိုးသမီးများ အဖွဲ့ချုပ် ခေါင်းဆောင်သစ်တွေ နဲ့ ပြည်တွင်းပြောင်းမည်


2017.03.19
wlb-conference-620.jpg အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB ရဲ့ ၉ ကြိမ်မြောက် ညီလာခံကို မတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်
Photo: Aung Moe Myint/ RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB ရဲ့ ၉ ကြိမ်မြောက် ညီလာခံ ကနေ ခေါင်းဆောင်အသစ်တွေ ရွေးချယ်လိုက်ပြီး နှစ်ပေါင်းများစွာ နယ်စပ်ဒေသတွေမှာ အခြေစိုက်ရာ ကနေ ပြည်တွင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံ WLB ရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုလို ပြည်တွင်းမှာ ပြောင်းရွှေ့ အခြေစိုက်လုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မော်ဒေးမြာက RFA ကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံက အမျိုးသမီးတွေက အကြောင်းအရင်းတွေ အများကြီးရှိတယ်၊ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကောပေါ့နော် စစ်ပွဲတွေ တိုးလာနေတဲ့အပေါ်မှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြီးတော့ ထိုးစစ်ဆင်မှုတွေ ပြီးတော့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ ပြီးတဲ့ အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်နေမှုနဲ့ ပတ်သက်တဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေ ပြီးတော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် အမျိုးသမီးတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ၊ အဲ့ဒါတွေ အကုန်လုံး အပေါ်မှာ အခြေခံပြီးတော့ သုံးသပ်လိုက်တဲ့ အခါမှာ ဒီကိစ္စကို လုပ်ဆောင်ဖို့ လိုလာပြီ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့နော်"

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အဖွဲ့ကို ဦးဆောင်အကြံညဏ်ပေးနိုင်ဖို့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ အဖြစ် အဖွဲ့ဝင် ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းပြီး WLB ရဲ့ အတွင်းရေးမှူး အဖွဲ့ကိုတော့ အထွေထွေအတွင်းရေးမှူး အဖြစ် ပလောင် အမျိုးသမီး များအဖွဲ့ PWO က မလွေးပိုးငေး ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ တာဝန်ကို တော့ ကရင်အမျိုးသမီးအဖွဲ့ KWO က နော်ဆဲဆဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ တာဝန် ကိုတော့ ကရင်နီ အမျိုးသမီးအဖွဲ့ KNOW မော်ဒေးမြာ တို့ကို ခန့်အပ်ခဲ့ကြတယ်လို့ သိရပါတယ်။

WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်း ကို ရှေးရှု့ပြီး အမျိုးသမီးတွေရဲ့ ဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။