အမျိုးသမီးအခွင့်အရေး WLB ဆက်လက်ကြိုးပမ်းမည်

wlb-305 ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ
Photo : RFA

အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖော်ထုတ်ပြီး အမျိုးသမီးတွေအတွက် တရားမျှတမှု ရရှိဖို့ ပိုမိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အဌမ အကြိမ်မြောက် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ WLB ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက် ကြာ ကျင်းပခဲ့ပါတယ်။ ညီလာခံဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ WLB အထွေထွေအတွင်းရေးမှူးအဖြစ် အသစ်ခန့်အပ် ခံရတဲ့ မဂျူလီယာ မရစ်(ပ်) က RFA ကို အခုလို ပြောပါတယ်။

"နိုင်ငံတကာအတိုင်းအတာအနေနဲ့ကတော့ မြန်မာနိုင်ငံပြောင်းလဲနေပြီဆိုတာ ယုံကြည်လက်ခံထားပေမဲ့ တကယ့်တကယ်လက်တွေ့မှာတော့ မြန်မာနိုင်ငံမှာ၂ဝ၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နောက်ဆုတ်နေတဲ့ အနေအထားကို ကျနော်တို့က သုံးသပ်မိတာပေါ့နော်၊ရှေ့ဆက်မတိုးတဲ့အနေအထားကို တွေ့နေရတဲ့ အခါကျတော့ စိုးရိမ်ရတဲ့အချက်ဖြစ်တဲ့အကြောင်းကိုလည်း ကျမတို့နိုင်ငံတကာကသိအောင်၊ ပြီးလို့ရှိရင်လည်း တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်နေတယ်၊ တချိန်တည်းမှာလည်းကျောင်းသားတွေက သပိတ်တွေမှောက်နေတယ်၊ဆန္ဒပြနေတယ်၊ တချိန်တည်းမှာပဲ တောင်သူလယ်သမားတွေဆန္ဒတွေလည်း အများကြီးပြနေတယ်၊ဒါပေမဲ့ အစိုးရရဲ့ကိုင်တွယ်မှုက ဒီမိုကရေစီမဆန်ဘူးလေ၊ဒါကြောင့် ကျမတို့က နောက်ပြန်ဆုတ်သွားမှာ အရမ်းစိုးရိမ်ပါတယ်၊ ဒါ့ကြောင့် ကျမတို့က ၂ဝ၁၅ အပါအဝင်ပေါ့နော် ကျမတို့ယုံကြည်တဲ့စစ်မှန်တဲ့ ဒီမိုကရေစီမရနိုင်သေးသရွှေ့ကတော့ ကျမတို့ကဆက်လက်ပြီးမှ စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက်ကတော့ ကျမတို့က ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်"

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ကို အရင်က သဘာပတိအဖွဲ့ကနေပြီး ဦးဆောင်အကြံညဏ် ပေးခဲ့ တာဖြစ်ပေမဲ့၊ အခုအခါ  အဖွဲ့ဝင် ကိုယ်စားလှယ်တစ်ဦးကျစီ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

WLB ရဲ့ အတွင်းရေးမှူး အဖွဲ့ကိုလည်း အရင်က သုံးယောက်နဲ့ ဖွဲ့စည်းထားခဲ့ပြီး၊ အခုအခါ ကချင် အမျိုးသမီး အဖွဲ့က မဂျူလီယာ မရစ်(ပ်) ကို အထွေထွေအတွင်းရေးမှူး၊ ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့က မစိုးစိုးနွယ်ကို တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် နှစ်ဦးသာ ရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။

အဖွဲ့ရဲ့ အဓိက ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ၊ အမျိုးသမီး စွမ်းရည်မြင့်တင်ရေး ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအားလုံး ဆန့်ကျင်ရေးလုပ်ငန်းတွေနဲ့ သတင်းအချက်အလက် မှတ်တမ်းတင်စုဆောင်းရေးလုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) အဖွဲ့ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။